ကရင်နီ (ကယားပြည်နယ်) အတွင်း တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ တော်လှန်ရေးကို အသုံးချပြီး ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းခံတာတွေ မလုပ်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
ကရင်နီဒေသတွင်းမှာ တော်လှန်ရေး အကြောင်းပြချက်နဲ့ ပြည်သူတွေဆီက ခြိမ်းခြောက်ငွေညှစ်တာတွေ မကြာခဏဖြစ်နေတာကြောင့် အခုလို မေတ္တာရပ်ခံ ထုတ်ပြန်ရတာဖြစ်တယ်လို့ KNDF ရဲ့ ဒီကနေ့ နိုဝင်ဘာ (၂၃) ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အဖွဲ့တိုင်းက မူလရည်ရွယ်ချက်ဖြစ်တဲ့ တော်လှန်ရေးအောင်မြင်ဖို့ ကိုယ့်အဖွဲ့အစည်းကို စနစ်ကျ အောင်လုပ်ဖို့နဲ့ KNDF ကလည်း အဲ့ဒီလိုလုပ်ဖို့ ကြိုးစားနေပါတယ်၊ အခြားအဖွဲ့အစည်းကိုလည်း အဲ့ဒီလိုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်၊ ဒါကြောင့် ကိုယ့်အဖွဲ့မဟုတ်ပဲ အခြားအဖွဲ့က ကျူးလွန်တယ်လို့ထင်ရတဲ့ပစ်မှုတွေကို သက်ဆိုင်ရာကို သတင်းပေးပြီး ပြန်လည်စစ်ဆေးတာ အနာဂတ်မှာ မဖြစ်ပွားအောင် အတက်နိုင်ဆုံး ထိန်းချုပ်ကြဖို့ မေတ္တာရပ်ခံတာပါ” လို့ (KNDF) စုံစမ်းရေးအဖွဲ့ တာဝန်ခံက DNA ကိုပြောပါတယ်။
လတ်တလောမှာလည်း လွိုင်ကော်မြို့ခံ လုပ်ငန်းရှင်တဦးဆီကနေ အမည်မဖော်ပြတဲ့ အဖွဲ့အစည်းတခုက တော်လှန်ရေးအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ဖြစ်စဉ်တခုရှိခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီ ဖြစ်စဉ်မှာ ခြိမ်းခြောက်ခံရသူနဲ့ ငွေတောင်းတဲ့အဖွဲ့အစည်းတို့ ဒီကနေ့ ငွေပေး၊ ငွေယူ လုပ်ဖို့ ချိန်းဆိုထားတာကြောင့် KNDF တပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်ငွေတောင်းသူတွေကို ဖမ်းဆီးဖို့ သွားရောက် စောင့်ဆိုင်းနေခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံလုပ်ငန်းရှင်ဆီက ငွေလက်ခံယူဖို့လာသူတွေဟာ ထွက်ပြေးတိမ်းရှောင်းသွားတာကြောင့် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ မျက်မြင်သိခဲ့ရတယ်လို့ KNDF ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါပေမယ့် ဒီကနေ့ KNDF ထုတ်ပြန်ချက်မှာ အဲ့ဒီအဖွဲ့အစည်းအမည်ကို ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
ကရင်နီဒေသတွင်းမှာ အလားတူခြိမ်းခြောက်ငွေတောင်းမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး KNDF အ နေနဲ့ တိုင်ကြားမှုတွေ လက်ခံရရှိတာ၊လက်ပူးလက်ကြပ်ဖမ်းမိတာ၊ မျက်မြင်သက်သေရယူနိုင်တာ စတဲ့ခိုင်မာတဲ့ ဖြစ်စဉ်တွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို လက်ပူးလက်ကြပ်မိတာတွေရှိပေမယ့် ခြိမ်းခြောက်ငွေတောင်းသူတွေဟာ ဒေသတွင်းအခြေ ပြုတဲ့ အင်အားစုတွေဖြစ်တာကြောင့် အကျယ်တဝင့် မဆောင်ရွက်ပဲ ပိုင်ရှင်ကို ငွေပြန်ပေးတာအပါအဝင် တခြားနည်းလမ်းတွေနဲ့ပဲ ထိန်းသိမ်းခဲ့တယ်လို့လည်း ဒီကနေ့ KNDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“စုံစမ်းစစ်ဆေးရင်းနဲ့ သိလိုက်ရတာက ဘယ်အဖွဲ့ကလူတွေဆိုတာ သိရပေမဲ့ သူတို့အဖွဲ့အစည်းတခုလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာဟုတ်မဟုတ်ကိုတော့ ကျွန်တော်တို့ မသေချာဘူး၊ အဖွဲ့အစည်းရဲ့တစိတ်တပိုင်းက လိုအပ်ချက်ကို ကြံဖန်ပြီးမှ လုပ်တယ်ဆိုတဲ့ ယူဆချက်မျိုးလည်း ရှိပါတယ်” လို့ (KNDF) စုံစမ်းရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
ခြိမ်းခြောက်ငွေတောင်းခံမှု အများစုဟာ ဒေသတွင်းမှာ လုပ်ငန်းရှင်လို့ သတ်မှတ်ခံရသူတွေကို ဦးတည်တာဖြစ်ပြီး ကျပ်သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ခြိမ်းခြောက်တောင်းခံမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်း သက်ဆိုင်ရာ နယ်မြေအဖွဲ့တွေက တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ ကုန်ကားတွေကို ဒဏ်ကြေးရိုက်ပြီး တောင်းတာမျိုးတွေ ရှိတယ်လို့လည်း သိရပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အနေနဲ့ အခုလိုခြိမ်းခြောက်ငွေတောင်းမှုမျိုးကို လက်မခံဘဲ တောင်းခံမှုတွေရှိလာရင် KNDF ကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
ခြိမ်းခြောက်ငွေတောင်းမှုတွေကို KNDF က တတ်နိုင်သမျှ အကာကွယ်ပေးတာ၊ ဟန့်တားပေးတာနဲ့ လိုအပ်ရင် အရေးယူတာတွေပါ လုပ်ဆောင်ပေးဖို့ ဆန္ဒရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ခြိမ်းခြောက်ငွေညှစ်သူတွေဟာ KNDF တပ်ဖွဲ့ဝင်တွေ ဖြစ်နေရင်လည်း စစ်ဖက်ဆိုင်ရာ ဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်အာဏာသိမ်းကာလအတွင်း ကရင်နီဒေသတွင်းမှာ KNDF တပ်ဖွဲ့အပြင် တခြားလက် နက်ကိုင်အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေတာပါ။
အဲ့ဒီအဖွဲ့အစည်းတွေထဲမှာ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေလည်း ပါဝင်နေပါတယ်။ဒေသခံတွေဆီက ခြိမ်းခြောက်ငွေတောင်းသူတွေအနေနဲ့ အဖွဲ့အစည်းအမည်ကိုလည်း ထုတ်ဖော်ပြောဆိုပြီး တောင်းခံတာ မဟုတ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တိုင်းကို သံသယတွေ ဝင်စေတယ်လို့ KNDF က ထောက်ပြထားပါတယ်။