နန်းဖဲကျေးရွာအနီးမှာ ရိက္ခာပို့တဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ KNDF တိုက်ပွဲဖြစ် ၊ စစ်ကားနှစ်စီးပျက်စီး

ကရင်နီပြည်နယ်၊ နန်းဖဲကျေးရွာမှာ ဘောလခဲမြို့နယ်ဘက်ကို ရိက္ခာသွားပို့တဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ ကရင်နီ ပူးပေါင်းတပ် (KA,KNDF B-16) တို့ မေလ ၄ ရက်နေ့ မနက် ၄ နာရီ ဝန်းကျင်လောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Karenni’s Voice က ဖော်ပြပါတယ်။
စစ်အုပ်စုဘက်က အထိအခိုက် အကျအဆုံးကို မသိရသေးပေမယ့် ယာဉ်နှစ်စီး ပျက်စီးသွားပြီး လက်နက်ခဲယမ်းအချို့လဲ သိမ်းဆည်းရမိခဲ့ပါတယ် ။
KNDF B-16 တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “တိုက်ပွဲက မနက် ၄ နာရီ​ ဝန်းကျင်လောက်ထဲက ဖြစ်တာ ကျွန်တော်တို့ မိုင်းကို သူတို့နင်းမိတာပေါ့နော် စစ်ကားနှစ်စီးတော့ ပျက်စီးသွားလို့ သူတို့ဘာသာ မီးရှို့သွားတာ ကျွန်တော်တို့ မိုင်းအချို့နဲ့ ကျည်အချို့ရခဲ့တယ် ” လို့ Karenni’s Voice ကို ပြန်လည်ဖြေကြားခဲ့ပါတယ် ။
မေ ၃ ရက် မနက် ၁၀ နာရီကျော်ကလည်း ဖရူဆိုမြို့နယ် ဒေါပိုရှေ့နဲ့ ထားလဲကျေးရွာအကြားမှာ စစ်အုပ်စုတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က နှစ်ယောက်ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF B-15 က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်အုပ်စုတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေါပိုရှေ့ကျေးရွာကို ကျရောက်ခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။