မှော်ဘီက စစ်ကောင်စီ စစ်ဆေးရေးဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမကြီး၊ သဲဖြူကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဒီကနေ့ နိုဝင်ဘာ (၂၃) ရက် မနက်ပိုင်းက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Urban Guerrilla Army(YUGA MO-7 Eagles) အဖွဲ့ တာဝန်ခံက DNA ကိုပြောပါတယ်။

“တိုက်ခိုက်ခဲ့တာက ပေါက်ကွဲအားမြင့် အဝေးထိန်းမိုင်း နှစ်လုံးနဲ့ပါ၊ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရတာကတော့ အဲ့ဒီမှာ ရှိနေတာ စခ ရခ တွေချည်းမို့လို့ စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ရတာပါ” လို့ YUGA အဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။

အခုလို ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနဲ့ရဲ ရှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သုံးဦးလောက်သေဆုံးနိုင်တယ်လို့ အဲ့ဒီအဖွဲ့တာဝန်ခံက ဆိုပါတယ်။

ဒါ့အပြင် မော်တော်ယာဥ်တစ်စီးနဲ့ ဆိုင်ကယ်တွေလည်း ပျက်ဆီးဆုံးရှုံးမှုရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

DNA အနေနဲ့ မှော်ဘီဒေသခံတချို့ကို ဆက်သွယ်မေးမြန်းရာမှာ အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ဒီကနေ့ပေါက်ကွဲမှုတခုဖြစ်ခဲ့တာကို အတည်ပြုနိုင်ပြီး ထိခိုက်သေဆုံးမှုတွေကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားလိုက်ပြီး လူနာတင်ကားတွေ လာတာကိုလည်း တွေ့ရတယ်လို့ မှော်ဘီဒေသခံတဦးက ပြောပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကိုတော့ မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့YUGA(MO-7 Eagles)အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့အဖွဲ့ဝင်တွေ ဘေးကင်းရာကို ဆုတ်ခွာနိုင်ခဲ့တယ်လို့ YUGA တာဝန်ခံက ဆိုပါတယ်။

YUGA အဖွဲ့ဟာ အခုနှစ် မတ်လဆန်းပိုင်းကလည်း သဲဖြူရွာထိပ်မှာရှိတဲ့ စစ်ကောင်စီကင်းစခန်းတခုကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ရုပ်သံမှတ်တမ်း ထုတ်ပြန်ခဲ့ဖူးပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးနဲ့ ရဲတဦးသေဆုံးတယ်လို့ YUGA အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မှာ အခုလို တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က တော် လှန်ရေးအဖွဲ့တွေကို နည်းလမ်းမျိုးစုံအသုံးပြုပြီး ဖမ်းဆီးမှုတာတွေလည်းရှိနေပါတယ်။

ဒီလိုဖမ်းဆီးမှုတွေရှိ​နေပေမယ့် တော်လှန်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီတပ်တွေရဲ့ ဂိတ်၊ စခန်းနဲ့ စစ်ကောင်စီဒေါက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို တိုက်ခိုက်မှုတွေပြုလုပ်နေဆဲ ဖြစ်ပါတယ်။