လှည်းတန်းလမ်းမပေါ်ကစျေးသည်တွေကို စစ်တပ်က သေနတ်နဲ့ချိန်ပြီး ပစ္စည်းတွေကို လမ်းပေါ်မှာ မီးရှို့ဖျက်ဆီး

ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့နယ်၊လှည်းတန်းလမ်းမကြီးပေါ်မှာ စျေးရောင်းနေတဲ့ စျေးသည်တွေကို အကြမ်းဖက်စစ်သားတွေက သေနတ်နဲ့ချိန်ထွက်သွားခိုင်းပြီး စျေးပစ္စည်းတွေကို လမ်းပေါ်မှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ ဇွန် ၃၀ရက် ည ၈နာရီခွဲမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကား ၄စီးနဲ့ရောက်လာပြီး အကြမ်းဖက်စစ်သား ၁၀ဦးက စျေးရောင်းချသူတွေကို သေနတ်နဲ့ချိန်ထားပြီး ထွက်သွားခိုင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြာပါတယ်။
“၈နာရီခွဲလောက်က ရောက်လာတာ။စစ်ကား၄စီးမှာ လူအင်အားအပြည့်ပဲ ။ပြီးတော့ ကားပေါ်က ၁၀ယောက်လောက်ဆင်းလာပြီး စျေးသည်တွေကို သေနတ်နဲ့ချိန်တယ်။ပစ္စည်းတွေထားခဲ့ပြီး ထွက်သွားခိုင်းတယ်။ ပြီးလည်းပြီးရော စျေးသည်တွေရဲ့ပစ္စည်းတွေအကုန်လုံးကို မီးရှို့နေတာ အခုအထိပဲ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လှည်းတန်းလမ်းမပေါ်က လမ်းဘေးစျေးသည်တွေရဲ့ဆိုင်တွေကို တွန်းမှောက်ပစ်တာ၊ဖျက်ဆီးတာတွေလုပ်ဆောင်နေတဲ့အပြင် တချို့ပစ္စည်းတွေကို ကားပေါ်တင်ပြီး ယူထားတယ်လို့ ပြောပါတယ်။
“”အသစ်ဖွင့်ထားတဲ့လျှစစ်ပစ္စည်းဆိုင်ကဟာတွေ အကုန်ယူတာ၊တချို့ပစ္စည်းတွေရောပဲ”လို့ မျက်မြင်တဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖျက်ဆီးမှုတွေကို ယနေ့ည ၉ နာရီ ကျော်အထိ လုပ်ဆောင်နေစဲဖြစ်ပြီး ပစ္စည်းတချို့ကို လမ်းပေါ်မှာ ပုံထားပြီး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။လက်တလော အချိန်အထိ ဆိုင်ပေါင်း တရာနီးပါး ဖျက်ဆီးခံထားရပြီလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လှည်းတန်းလမ်းမကြီးတလျှောက် ဈေးမရောင်းဖို့ အကြမ်းဖက်စစ်အုပ်စု လိုက်လံကြေညာထားခဲ့ပြီး ၊ ဈေးသည်တွေက ဆက်လက်ရောင်းချနေတဲ့အတွက် အခုလို အကြမ်းဖက်ဖျက်ဆီးနေကြတာလို့လည်း ဒေသခံအချို့က သုံးသပ်ပါတယ်။