ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ရဲစခန်းမှူးတစ်ဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊တာဟန်းရပ်ကွက်မှာ ဒီကနေ့နေ့လည် ၂နာရီဝန်းကျင်က ရဲစခန်းမှူးတစ်ဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ DNA ကိုပြောပါတယ်။
ကလေးမြို့၊ တာဟန်းရပ်ကွက်၊မူးယစ်ရဲစခန်းက စခန်းမှူးဟာ တာဟန်းရပ်ကွက် ၊ နေကြာတိုက်လမ်းကြားအနီးမှာ ဆိုင်ကယ်ဓာတ်ဆီထည့်နေတုန်း ပစ်သတ်ခံရတာလို့ သိရပါတယ်။
” နေကြာတိုက်လမ်းအတိုင်း ပထမလမ်းချိုး အနောက်နားလေးမှာပစ်သွားတာ။ ရဲတစ်ယောက်သေသွားတယ်။ ခုထိ (ညနေ ၃နာရီ ၁၀မိနစ်အချိန်ခန့်) အလောင်းလာမကောက်သေးဘူး။ အိမ်တွေလည်းတံခါးတွေပိတ်ကြတယ်။ လမ်းပေါ်မှာစစ်သားတွေပဲရှိတယ်” လို့ တာဟန်းရပ်ကွက်သားတစ်ဦးကပြောပါတယ်
ပစ်သတ်ခံရတဲ့ရဲစခန်းမှူးဟာ ဗေလုဝလို့နာမည်တွင်သူဖြစ်ပြီး တာဟန်းမူးယစ်ရဲစခန်းရဲ့ ယာယီစခန်းမှူးဖြစ်နိုင်တယ် လို့လည်း ဒေသခံတွေကဆိုပါတယ်။
ပစ်ခတ်ခံရတဲ့စခန်းမှူးဟာ ရဲဝတ်စုံဝတ်ဆင်ထားခြင်းမရှိပဲ အရပ်ဝတ်ဝတ်ထားပြီး ဆိုင်ကယ် ဦးထုပ်ဆောင်းထားတာကိုတွေ့ရတဲ့အတွက် ပစ်ခတ်တဲ့အဖွဲ့မှာ ကြိုတင်စီစဥ်မူရှိနိုင်တယ်လို့ ဒေသခံတွေသုံးသပ်ကြပါတယ်။
ဘယ်အဖွဲ့က ဝင်ရောက်ပစ်ခတ်တယ်ဆိုတာကို အတိအကျမသိရသေးပေမယ့် ” ဒေသခံအဖွဲ့ထဲက တစ်ယောက်ယောက်ဖြစ်မယ်ထင်တယ်ဗျ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ကလေးမြို့မူးယစ်ရဲစခန်းဟာ တာဟန်းရပ်ကွက်ရဲ့အရှေ့ဘက်ကပ်ရက် စမ်းမြို့ရပ်ကွက်မှာရှိပြီး ဟိုအရင်စစ်အစိုးရခေတ်ကတည်းက လာဘ်စားရာမှာ နာမည်ဆိုးထွက်ခဲ့တဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။