ဆိပ်ကြီးခနောင်တိုမှာ ရဲတစ်ဦး ဓားနဲ့ခုတ်ခံရ

၅၊ စက်တင်ဘာလ၊ ၂၀၂၁။

ဆိပ်ကြီးခနောင်တိုမြို့နယ် ဆမားဒူးဝါးရပ်ကွက် ငုဝါလမ်းမှာ စက်တင်ဘာလ ၅ရက်နေ့ နေ့လည် ၁၁နာရီခန့်က ကင်းလှည့်နေတယ်ဆိုတဲ့ အကြမ်းဖက်စစ်အုပ်စုဝင် ရဲဒုတပ်ကြပ်တစ်ဦး ဓားနဲ့အခုတ်ခံရခဲ့ရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဝင် ရဲတပ်ဖွဲ့ဝင်တွေဟာ ဆမားဒူးဝါးရပ်ကွက်ထဲ ကင်းလှည့်နေစဉ်မှာ အမျိုးသားတစ်ဦးက နေအိမ်တစ်ခုထဲကနေ ပြေးထွက်လာပြီး ကင်းအဖွဲ့နောက်ဆုံးမှာ လိုက်ပါလာတဲ့ ဆိုင်ကယ်ပေါ်က ဒုတပ်ကြပ် တင်ထွန်းအောင်ကို ဓားနဲ့ခုတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်နဲ့ ပတ်နေတဲ့ ရဲတွေကို ပြေးထွက်လာပြီး ဓားနဲ့ခုတ်ထည့်လိုက်တာ ၊ သေတော့ မသေလောက်ဘူး ဒဏ်ရာတော့ တော်တော်ပြင်းတယ် အခု ဆေးရုံပို့ထားရတယ်၊ ပြေးခုတ်တဲ့ အစ်ကိုကတော့ ရှောင်တိမ်းသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဓားနဲ့ပြေးခုတ်တယ်ဆိုတဲ့ အမျိုးသားကို ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။