ရေဦးမြို့ ဖန်းကားဇင်ကျေးရွာက ပြည်သူတစ်ဦးကို စစ်အုပ်စုက သတ်ဖြတ်

၅၊ စက်တင်ဘာလ၊ ၂၀၂၁။

ရေဦးမြို့နယ် ဖန်းကားဇင်ကျေးရွာက ပြည်သူတစ်ဦးဖြစ်သူ ကိုခိုင်ဇော်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၄ရက်နေ့ ည၈နာရီခန့်မှာ အကြောင်းမဲ့ ပစ်သတ်ခဲ့ပြီး ကိုခိုင်ဇော်နဲ့ အတူခရီးသွားသူတွေအနက် တစ်ဦးမှာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဖန်းကားဇင်းကျေးရွာသားတစ်ဦးဖြစ်သူ ကိုခိုင်ဇော်နဲ့ ချောင်းရိုးကျေးရွာသား ၂ဦးမှာ ကျေးရွာကိုပြန်လာတဲ့ လမ်းခုလပ်ဖြစ်တဲ့ ပုဏ္ဍကားရွာနဲ့ အင်တောရွာကြားမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းနဲ့ ဆုံတွေ့စဉ်မှာ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့်

ကိုခိုင်ဇော်မှာ သေဆုံးသွားခဲ့ပြီး အတူလိုက်ပါလာသူ ချောင်းရိုးကျေးရွာသား ၂ဦးအနက် တစ်ဦးသာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က ရွာကိုပြန်လာတာ လမ်းမှာဟိုကောင်တွေက တွေ့ပြီး လိုက်ပစ်တော့ ကြောက်ပြီးတော့ ထွက်ပြေးရင်းနဲ့ မောင်ခိုင်ဇော်က သေနတ်မှန်သွားတယ်၊ တစ်ယောက်ကတော့ ရွာပြန်ရောက်လာတယ် တစ်ယောက်ကတော့ ပျောက်နေတော့ သူတို့ ဖမ်းထားတယ်ထင်တယ်၊ တန့်ဆည်မှာ ရဲနှစ်ကောင်သေတာနဲ့ ပက်သက်ပြီး လိုက်စစ်နေတာကနေ အခုလို ဖြစ်သွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။