ရုရှားမှာ ကိုဗစ်ကြောင့် သေဆုံး၊ကူးစက် စံချိန်တင်များလာ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ရုရှားနိုင်ငံမှာ လေးရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးနဲ့ ကူးစက်သူဦးရေဟာ ကိုဗစ်စတင်ဖြစ်ပေါ်ချိန်ကထက် ပိုမိုများပြားလာခဲ့ပြီလို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်နဲ့ပတ်သက်လို့ ရုရှားနိုင်ငံရဲ့ အစီရင်ခံစာတွေအရ သေဆုံးမှုအသစ် တစ်ထောင်နီးပါးနဲ့ ကူးစက်သူဦးရေ သုံးသောင်းနှစ်ထောင်ကျော် ရှိတယ်လို့သိရပါတယ်။

ဒါဟာ ရုရှားနိုင်ငံအတွက် တစ်ရက်တာအတွင်း ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက် အမြင့်ဆုံး စံချိန်တင်မှုလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူ ၃၁ ရာခိုင်နှုန်း ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပေမယ့် ကာကွယ်ဆေးထိုးနှုန်းဟာ နှေးကွေးလွန်းတာကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

ရုရှားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရှိနေပေမယ့် ဘာသာရေး အယူအဆတွေနဲ့ ကိုဗစ်ဆေးကို အယုံအကြည်မရှိတဲ့ ရုရှားပြည်သူတချို့ကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှုန်းက နိမ့်ကျနေခဲ့တာဖြစ်ပါတယ်။

ရုရှားအစိုးရကတော့ လက်ရှိကိုဗစ်အခြေအနေတွေကြောင့် အာဏာပိုင်တွေကို ကိုဗစ်နဲ့ ပတ်သက်လို့ တင်းကျပ်ဖို့ ညွှန်ကြားထားပြီး လုပ်ပိုင်ခွင့်လည်း အပြည့်အဝ ပေးထားပါတယ်။

ရုရှားနိုင်ငံဟာ ဥရောပမှာ ကိုဗစ်ကူးစက်မှု ၇.၈ သန်းကျော်နဲ့ သေဆုံးသူ နှစ်သိန်းနှစ်သောင်း ရှိနေတဲ့ ကိုဗစ်ရိုက်ခတ်မှုအမြင့်ဆုံး နိုင်ငံဖြစ်ပါတယ်။