နှစ်ရက်အတွင်း ငလျင်လှုပ်ခတ်လို့ ဆူနာမီလို ချော်ရည်တွေ ထွက်လာတဲ့ စပိန်လာပယ်မာမီးတောင်

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။

စပိန်ကျွန်းက လာပယ်မာ မီးတောင်မှာ နှစ်ရက်အတွင်း ငလျင် လှုပ်ခတ်မှုတွေကြောင့် မီးတောင်အတွင်းကနေ ဆူနာမီလိုပုံစံ ချော်ရည်တွေ ထွက်လာသလို အန္တရာယ်ရှိ ပြာမှုန့်တွေဟာ အနီးနားဝန်ကျင်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က နောက်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၄.၅ မဂ္ဂနီကျု့ ရှိပြီး လက်ရှိမှာတော့ အန္တရာယ်ရှိနိုင်တဲ့ ဒေသတွေက လူတွေကို ဘေးလွတ်ရာကို ထပ်မံရွှေ့ပြောင်းလိုက်ပါပြီ။

နောက်ဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင် နှစ်ကြိမ်ရဲ့ ပြင်းအားဟာ လာပယ်မာ မီးတောင်အတွက် ပိုမိုထိခိုက်ခဲ့ပြီး ချော်ရည်ပူတွေ ဒလဟော စီးဆင်းလာခဲ့ပါတယ်။

နောက်ဆုံး ၂၄ နာရီအတွင်းမှာတောင် ငလျင် ၈၃ ကြိမ်လှုပ်ခတ်ခဲ့တာပါ။ ဒီထဲက အောက်တိုဘာ ၁၅ ရက်နေ့ က လှုပ်ခတ်တဲ့ ငလျင်က ပြင်းအား ၄.၅ မဂ္ဂနီကျု့အထိ ရှိခဲ့လို့ မီးတောင်ရဲ့ အခြေအနေက ပိုမို ဆိုးရွားလာခဲ့တာပဲဖြစ်ပါတယ်။

စပိန်ကျွန်းမှာ စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက မီးတောင်လှုပ်ရှားပေါက်ကွဲမှုတွေဖြစ်လာတာဟာ အခုဆိုရင် ၂၉ ရက််မြောက်ကို ရောက်ရှိလာခဲ့ပါပြီ။

စပိန်အာဏာပိုင်တွေကတော့ မီးတောင်က ထွက်လာတဲ့ ချော်ရည်တွေဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ဦးတည်နေတယ်လို့ ပြောကြားပါတယ်။

မီးတောင်ရဲ့ လက်ရှိ အခြေအနေကြောင့် ဒေသခံတွေကို အမြန်ဆုံးနဲ့ အခုထက် ပိုမိုကယ်ထုတ်ပေးဖို့ တောင်းဆိုထားကြပေမယ့် စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်ကတော့ မီးတောင်အန္တရာယ်နဲ့ ပတ်သက်လို့ ဒေသခံတွေကို စိတ်ရှည်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ မီးတောင်အန္တရာယ်ကြောင့် လူပေါင်း ၇ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။