စကားပြောဆင်ခြင်ဖို့ ယင်းမာပင်ဆေးရုံအုပ်ကိုသတိပေး ဗုံးဖောက်ခွဲပြ

၁၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

PDFတွေနဲ့မပတ်သက်ဖို့လက်အောက်ခံဝန်ထမ်းတွေကို ပြောတဲ့ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့ ဆေးရုံအုပ် ကြီးကိုသတိပေးတဲ့အနေနဲ့ အရင်ဆေးရုံဟောင်းနားမှာ ဗုံးဖောက်ခွဲခဲ့ပါတယ်။
အောက်တိုဘာ၁၆ရက်ညနေ၄နာရီကျော်က ယင်းမာပင်ရဲစခန်းနဲ့ကပ်လျက် ဆေးရုံအဟောင်းနေရာမှာ ဗုံး ကွဲခဲ့တာပါ။
‘ဗုံးကွဲလို့ မီးကြိုးပြတ်တာ၊သစ်ကိုင်းတချို့ပြတ်ထွက်တာတွေ့ရတယ်။ပြီးတော့ အမျိုးသမီးတစ်ယောက်လန့်ပြီး မေ့သွားတယ်။တစ်ယောက် ဒဏ်ရာနည်းနည်းရတယ်ကြားတယ်’လို့ ယင်းမာပင်မြို့ခံတစ်ဦးကပြောပါတယ်။
ဆေးရုံအုပ်ကြီးပြောင်းလာတာတစ်လပင်မပြည့်သေးသလို ဆေးရုံဝန်ထမ်းအစည်းအဝေးမှာ ဆေးရုံဝန်ထမ်းတွေကို PDF နဲ့မပတ်သက်ဖို့ CDMလုပ်ထားတဲ့ဆေးရုံဝန်ထမ်းတွေအလုပ်ပြန်ဝင်ကြဖို့ ပြောကြားခဲ့တယ်လို့ ယင်းမာပင်မြို့ ပြောက်ကျားရဲဘော်တစ်ဦးက Delta News Agency ကိုပြောပါတယ်။
‘ဆေးရုံအဟောင်းက ရဲစခန်းရဲ့ညာဘက်မှာ၊ဆေးရုံအသစ်က ရဲစခန်းနဲ့မျက်စောင်းထိုးမှာ၊အဲဒီနားဝန်းကျင်က ဘဏ်လည်းရှိတယ်၊ခရိုင်ရုံးလည်းရှိတယ်ဆိုတော့ ဒေသခံပြောက်ကျားတွေက အချိန်မရွေးလုပ်လို့ရတယ်ဆိုတဲ့ သဘောလည်း ပြချင်တာ’လို့ သူကပြောပါတယ်။
သတိပေးဖောက်ခွဲမှုကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ သူက မပြောပါဘူး။