နိုင်ငံတကာမှာရောဒေသတွင်းမှာပါ မင်းအောင်လှိုင်မရှုမလှ ရှုံးနိမ့်ခဲ့တယ်လို့ပြော

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ခွင့် မရတာဟာ နိုင်ငံတကာစင်မြင့်မှာရော ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းမှာပါ မရှုမလှ ရှုံးနိမ့်တာ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

မနေ့ညနေပိုင်းကအွန်လိုင်းကနေ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ ဒီလ ၂၆ရက်ကနေ ၂၈ရက်နေ့အထိ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်ကို မဖိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ရိုက်တာသတင်းကဖော်ပြပါတယ်။

‘အခု အာဆီယံက အာဏာလုအကြမ်းဖက်တပ်ခေါင်းဆောင်ကို ထိပ်သီးညီလာခံ ပေးမတက်ဖို့ ဆုံးဖြတ်ချက်မှာလည်း ယူအက်စ်လက်ရာခြေရာမကင်းတာ၊ ပါတာ ကိုကတော့ သေချာပြောကြသူ များပြားတယ်။တရုတ်က လည်းသဘောတူလို့သာ အာဆီယံက ဆုံးဖြတ်နိုင်တာလို့လည်း သုံးသပ်ယူဆကြသူတွေရှိပါတယ်။’လို့ သူကဆိုပါတယ်။

မင်းအောင်လှိုင်အစား မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ နိုင်ငံရေးပိုင်းက မဟုတ်သူ တစ်ဦးကို ဖိတ်ကြားဖို့ ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အခုလို အာဆီယံမှာစစ်အုပ်စုရှုံးနိမ့်ခဲ့တာဟာ အမေရိကန်နဲ့တရုတ်အပြင် NUG အစိုးရရဲ့အခန်း ကဏ္ဍဟာ လည်း အရေးတကြီးပါဝင်တယ်လို့ သူကပြောပါတယ်။

‘နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ အောင်မြင်မှုတစ်ရပ်ပဲမို့လား။ MoFA- NUG ဝန်ကြီးနဲ့ အဖွဲ့သားတွေကိုဂုဏ်ယူတယ်။’လို့သူကဆက်ပြောပါတယ်။

နောက်ထပ်အဓိကအခရာကျသူမှာ မြန်မာပြည်သူတို့ဖြစ်ပြီးဘာမှဟုတ်တိပတ်ပတိမဆုံးဖြတ်တဲ့ အာဆီယံလိုအဖွဲ့မျိုးကို နွေဦးတော်လှန်ရေးကပြောင်းလဲပေးလိုက်တယ်လို့လည်းသူကဆိုပါတယ်။

မန္တလေးတိုင်းအတွင်းက၂၀၂၀ရွေးကောက်ခံ NLDအမတ်တစ်ဦးကလည်း အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ဖိအားတွေနဲ့ အာဆီယံရဲ့သိ က္ခာကျလာစရာဖြစ်လာတာကြောင့် အာဆီယံအနေနဲ့ အခုလိုဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

‘အာဆီယံမူ၅ချက်ကို စစ်ကောင်စီက ဘာမှလိုက်နာဆောင်ရွက်မှုမရှိတဲ့အတွက် အာဆီယံရဲ့ မျက်နှာ၊အာဆီယံ ရဲ့သိက္ခာကျဖို့ဖြစ်လာတာကြောင့် လို့ယူဆပါတယ်’လို့ မင်းအောင်လှိုင်ထိပ်သီးအစည်းအဝေးတက်ဖို့ မဖိတ်တဲ့ အပေါ် သူ့ရဲ့အမြင်ကိုပြောပါတယ်။

အာဆီယံရဲ့ မနေ့က စည်းအဝေးအပြီးမှာ အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို ဒီလထဲ လာရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အာဆီယံအထူးသံက မြန်မာနိုင်ငံကို လာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုထားပြီး စစ်ကောင်စီဘက်က တရားရင်ဆိုင်ဆဲသူတွေနဲ့ တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူကတော့ အာဆီယံရဲ့အခုလိုဆုံးဖြတ်ချက်ဟာ အဆင့်တစ်ဆင့်တက်လှမ်းနိုင်ခြင်းသာရှိပြီး စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြန်နိုင်ဖို့ အခုထက်ပိုအားစိုက်ကြဖို့လိုဦးမယ်လို့ဆိုပါတယ်။

‘မင်းအောင်လှိုင်ရဲ့စစ်ကောင်စီဟာ နောက်ဆုံးနေဝင်ချိန်အထိ၊အရှုံးပေးရချိန်အထိနည်းလမ်းပေါင်းစုံနဲ့ ရမ်းကားနေဦးမှာပဲဖြစ်တယ်’လို့ သူကသတိပေးထားပါတယ်။