အိမ်အပြင်ထွက်ရင် ပစ်မယ်လို့ စစ်အုပ်စုက ကြေညာ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

ပခုက္ကူမြို့မှာ မနက် ၁၀နာရီကနေ ညနေ၅နာရီအတွင်း အိမ်အပြင်မထွက်ဖို့နဲ့ အပြင်ထွက်ရင် အပစ်ခံရမယ်လို့ အကြမ်းဖက်စစ်အုပ်စုက လိုက်လံကြေညာခဲ့ပါတယ်။

စက်တင်ဘာလ ၂၉ရက်နေ့ ညပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကား၊ရဲကားတွေနဲ့ စက်တင်ဘာလ ၃၀ရက်နေ့က စတင်ပြီး ပြည်သူတွေအနေနဲ့ သတ်မှတ်ချိန်အတွင်း အိမ်ပြင်ကိုမထွက်ရဘူးလို့ ကြေညာခဲ့တာပဲဖြစ်ပါတယ်။

“ကျွန်တော်တို့ဖက်ကိုတော့ လာမအော်ဘူး၊ ၅တို့ ၁၀တို့ဖက်မှာတော့ အော်သွားတယ်၊ အိမ်ပြင်မထွက်ရဘူး ထွက်ရင်ပစ်မိန့်ရထားတယ် အပစ်ခံရမယ်လို့ အော်သွားတာ၊ တစ်နေ့က ရဲကားဗုံးနဲ့အပစ်ခံရလို့ အခုလို လိုက်ကြေညာတာလို့ပဲထင်တယ်၊ အရင်ရက်တွေတုန်းကတော့ အေးဆေးပါပဲ၊ ဒီနေ့ အခြေအနေကတော့ ကျွန်တော်လည်း အပြင်မထွက်ရဲလို့ ထွက်မကြည့်ရသေးဘူး၊ မိန်းလမ်းမကြီးတွေပေါ်မှာ လူရှင်းနေတယ်”လို့ ဒေသခံတစ်ဦးက DNAကို ပြောပါတယ်။

ပခုက္ကူမြို့မှာ စက်တင်ဘာလ ၂၈ရက်နေ့က ကင်းလှည့်နေတဲ့ ရဲကားတစ်စီး ဗုံးပေါက်ကွဲပြီး ရဲနှစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ အခုလို လုံခြုံရေး တင်းကြပ်နေတာပဲဖြစ်ပါတယ်။

ညမထွက်ရအမိန့်ကိုလည်း ဆက်လက်အသက်သွင်းထားဆဲဖြစ်ပြီး အခုလို နေ့အချိန်ကိုပါ ထပ်မံကန့်သတ်လိုက်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အလုပ်အကိုင်အားလုံးနီးပါးကို ရပ်တန့်ထားလိုက်ရတယ်လို့ သိရပါတယ်။