ဂိုးသွင်းနိုင်မယ်ဆိုတာကို ကြိုသိနေတဲ့ စီရော်နယ်ဒိုအကြောင်းကို ဖာဒီနန်ဖွင့်ဟလာ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ၂ ပွဲစဉ်မှာ မန်ယူအသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အချိန်ပိုရောက်မှ အနိုင်ဂိုးကို သွင်းယူပေးပြီး နည်းပြဆိုးလ်ရှားရဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း တစ်ဖက် တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့လို့ တစ်မှတ်စီခွဲယူရမယ့် အခြေနေဖြစ်ပေါ်ခဲ့ပေမယ့် အဆုံးအဖြတ်ဂိုးကို စီရော်နယ်ဒိုက သွင်းယူပေးခဲ့တာပါ။

ဒါဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲက ရှုံးကြွေးကို မန်ယူအနေနဲ့ လှလှပပ ပြန်ဆပ်နိုင်ခဲ့တဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ဗီလာရီးရဲလ်နဲ့ပွဲ ပြီးဆုံးသွားချိန်မှာတော့ စီရော်နယ်ဒိုဟာ အသင်းဖော်ဟောင်း ဖာဒီနန်ဆီ မက်ဆေ့ချ်ပို့ပြီး ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်မယ်ဆိုတာကို သိနေတယ်လို့ ပြောကြားခဲ့တာပါ။

“သူကျွန်တော်ကို စာရိုက်ပြီးပို့တယ်။ ပွဲမှာ သူကောင်းကောင်းမကစားနိုင်ပေမယ့် ဂိုးသွင်းနိုင်မယ်ဆိုတာကို ကြိုသိနေတယ် ဆိုတာကိုပေါ့”လို့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ဖွင့်ဟခဲ့ပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှားကလည်း “ကွင်းထဲမှာ စီရော်နယ်ဒိုရှိနေရင် အခွင့်ရေးတစ်ခုလည်း အမြဲရှိနေတယ်”လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တဲ့ အနိုင်ဂိုးကြောင့် စီရော်နယ်ဒိုအနေနဲ့ မိနစ် ၉၀ နဲ့ မိနစ် ၉၀ နောက်ပိုင်း ပွဲကစားချိန်တွေမှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး ၁၂ ဂိုးအထိ ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။