မွန်ပြည်နယ်မှာ စစ်အုပ်စုက သူတို့ရဲ့ အုပ်ကြီးတွေကို အိမ်ကရှောင်နေဖို့ သတိပေး

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

မွန်ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒလန်လို့ နာမည်ကြီးနေသူတွေ ၁၀ဦးထက်မနည်း အသက်ခံရပြီးနောက်မှာ အုပ်ကြီးတွေကို နေအိမ်တွေကနေ ရှောင်တိမ်းနေဖို့ စစ်အုပ်စုက သတိပေးထားတယ်လို့ သိရပါတယ်။

” အခုတလော ဥက္ကဌတွေ သေနတ်ပစ်သတ်ခံရတာများလာတယ်၊ ပြီးတော့ နေအိမ်တွေမှာ ဗုံးနဲ့ လာပစ်တဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်လာလို့ တိမ်းရှောင်ခိုင်းတဲ့သဘောပါ။ မိသားစုဝင်တွေကို ကျတော့ သူတို့သဘောပဲ၊ ရှောင်ရင် ရှောင်ပေါ့ “လို့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့  နီးစပ်သူတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးမှူးအိမ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ သေနတ်နဲ့ လာရောက်ပစ်ခံရတာတွေ မကြာခဏဖြစ်ပွားပြီးနောက်မှာ အခုလို သတိပေးထားတာလို့ ဆိုပါတယ်။

ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်တွေနဲ့ တပ်စခန်းတွေကို စစ်ဆင်ရေးတွေ အရှိန်တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

Source- သံလွင်တိုင်းမ်