လက်ဝှေ့လောကက အနားယူခဲ့ပြီး နိုင်ငံရေးကို တစိုက်မတ်မတ်ပြုလုပ်မယ့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီယို

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီယိုဟာ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လက်ဝှေ့လောကကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့မှာ သူ့ရဲ့တွစ်တာစာမျက်နှာကနေ အသိပေးပြောကြားလိုက်ပါတယ်။

နိုင်ငံရေးနဲ့ လက်ဝှေ့အားကစားကို အစောပိုင်းကတည်းက ပူးတွဲလုပ်ဆောင်ခဲ့တဲ့ ပက်ကွီယိုဟာ အသက် ၄၂ အရွယ်အရောက်မှာတော့ နိုင်ငံရေးဘက်ကို အားစိုက်ဖို့ အခုလို အနားယူလိုက်တာပါ။

ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲဟာ လာမယ့် ၂၀၂၂ ခုနှစ် မေလမှာ ၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ဝှေ့ကျော် ပက်ကွီယိုဟာ လက်ရှိ သမ္မတ ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာဒူတာတေးနဲ့ အဓိက ယှဉ်ပြိုင်သွားရဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

“နောက်ဆုံးခေါင်းလောင်းသံကို ငါကြားလိုက်ရပါပြီ။ လက်ဝှေ့ပွဲအဆုံးသတ်သွားပြီ”လို့ လက်ရှိသူ့ရဲံ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ပက်ကွီယိုက ပြောပါတယ်။

ဒါအပြင် သူက “လက်ဝှေ့အိတ်တွေ ချိတ်ဆွဲရတော့မယ့် အခုလို အချိန်ကို ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး”လို့လည်း ဆိုပါတယ်။

လျင်မြန်ဖျတ်လတ်တဲ့ ခြေလက်ရွေ့လျားမှုတွေနဲ့အတူ ထိချက်ပြင်းတဲ့ လက်သီးထိုးချက်တွေကြောင့် လက်ဝှေ့သမိုင်းမှာ အကြီးကျယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပက်ကွီယိုဟာ တလျှောက်လုံးအားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် ကျေးဇူးတင်စကားလည်း ဆိုခဲ့ပါတယ်။

အရင်က ပက်ကွီယိုဟာ လက်ရှိသမ္မတ ဒူတာတေးကို အပြည့်အဝထောက်ခံသူတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဒူတာတေးရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြိုက်နှစ်သက်မှုမရှိတော့တာကြောင့် သူတို့နှစ်ဦးအကြားမှာ ဆက်ဆံရေးမာကျောခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ နိုင်ငံရေးပါတီတူပေမယ့် ပါတီတွင်း စိတ်ဝမ်းကွဲမှုတွေရှိနေခဲ့ပြီး လက်ရှိအစိုးရဟာ အကျင့်ပျက်ချစားမှုတွေ ရှိနေတယ်ဆိုတာကို ပက်ကွီယိုက အတိအလင်းပြောကြားထားသူဖြစ်ပါတယ်။

သမ္မတဒူတာဒေးကလည်း ပက်ကွီယိုဟာ မဲဆွယ်ဖို့ တစ်ခုတည်းနဲ့ နိုင်ငံရေးကို အသုံးချ အလိမ်အညာစကားတွေဆိုနေသူအဖြစ် ပြန်လည် ခွန်းတုံ့ပြန်ခဲ့ဖူးပါတယ်။

ပက်ကွီယိုဟာ လက်ဝှေ့ကစားသမား သက်တမ်းတလျှောက် ထိုးသတ်ခဲ့တဲ့ ပွဲပေါင်း ၇၂ ပွဲမှာ ၆၂ ပွဲအနိုင်ရရှိခဲ့ပြီး ၈ ပွဲရှုံး၊ ၂ ပွဲသရေ ကစားခဲ့ပါတယ်။ ဒီထဲမှာ အလဲထိုးပွဲစဉ်က ၃၉ ပွဲအထိ ရှိခဲ့တာပါ။