မန်ယူနဲ့ဗီလာရီးရဲလ်၊ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ချန်ပီယံလိဂ်ည

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

မန်ယူအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၂ ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက်မှာတော့ ဖိအားအနည်းငယ် ဝင်နေခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားအနေနဲ့ ၃ ပွဲဆက်အရှုံးမဖြစ်စေရေးအတွက် ဒီပွဲစဉ်မှာ အာရုံစိုက်ဖို့ လိုအပ်နေပြီး ပရိသတ်တွေရဲ့ အမြင်ကြည်မှုကို ပြန်ယူရမှာဖြစ်ပါတယ်။

ဗီလာရီးရဲလ်အသင်းကတော့ နောက်ဆုံး လာလီဂါပွဲစဉ်မှာ ရီးရဲလ်အသင်းကို သရေကစားထားသလို ပွဲစဥ်တိုင်းအတွက်လည်း အမှတ်ရအောင် ကစားနိုင်စွမ်းရှိတဲ့ ကလပ်အသင်းဖြစ်ပါတယ်။

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အနိုင်အရှုံးမပေါ်ဘဲ သရေပွဲစဉ်တွေသာများပြီး နှစ်သင်းပေါင်း သွင်းဂိုးလည်း နည်းခဲ့ပါတယ်။

နှစ်သင်းအကြား ယူရိုပါလိဂ် ဖိုင်နယ်က အကြွေးကို မန်ယူအသင်းဒီကနေ့မှာ ပြန်ယူနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

တွေဆုံခဲ့ကြတဲ့ ပွဲစဉ် ၅ ပွဲမှာ ဂိုးမရှိပွဲစဉ် ၄ ပွဲ အထိ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာသာ ပွဲအချိန်အတွင်း ၁ ဂိုးစီနဲ့ သရေပွဲ ကစားခဲ့ကြတာပါ။

ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးပွဲစဉ်ကလည်း ဒီကနေ့ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲအဖြစ် ရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေမှာတော့ နောက်ဆုံး ၃ ပွဲစလုံး သူတို့ရဲ့ ခံစစ်က ပေးဂိုးတွေ ပေးထားရသလို တိုက်စစ်ကလည်း ဂိုးတွေမြူးနေတာကို မြင်တွေ့ရပါတယ်။

ချဲလ်ဆီးအသင်းကတော့ သူတို့ရဲ့ ဒီရာသီ အရှုံးမရှိ စံချိန်ဟာ မန်စီးတီးနဲ့ တွေ့ဆုံမှုမှာတော့ ပျက်စီးခဲ့ရပါတယ်။ ဒီနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ချဲလ်ဆီးဟာ ခံစစ်ကို အဓိထားပြင်ဆင်ပြီး နိုင်ပွဲရအောင် ကစားနိုင်တဲ့ ပုံစံကောင်းရှိနေပါတယ်။

သူတို့ နှစ်သင်း တွေ့ဆုံခဲ့ကြတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတိုင်းဟာ သူတင်ကိုယ်တင်ရှိခဲ့ပြီး တွေ့ဆုံမှု ၄ ကြိမ်မှာ တစ်ပွဲစီသရေ၊ တစ်ပွဲစီအနိုင်ကစားထားပါတယ်။

ဒီကနေ့ညရဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေဟာ ည ၁၁နာရီ ၁၅ မိနစ်အချိန်တွေနဲ့ ည ၁ နာရီခွဲ အချိန်တွေမှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။

အခြားပွဲစဉ်တွေရဲ့ ပွဲကစားချိန်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။