ရွှေစျေးနှုန်းတည်ငြိမ်ရေးအတွက် တစ်နေ့ ရွှေပိသာချိန် ၂၀ရောင်းချမယ်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ရွှေစျေးနှုန်းတည်ငြိမ်စေရေးအတွက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ရွှေဆိုင်တွေကနေတဆင့် တစ်နေ့ကို ရွှေပိသာချိန် ၂၀ရောင်းချသွားမယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၈ရက်နေ့မှာ လုပ်ဆောင်ခဲ့တဲ့ YGEAရဲ့ အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ အခုလို ရောင်းချပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဇွဲထက် စိန်ရွှေရတနာဆိုင်၊ အကယ်ဒမီ စိန်ရွှေရတနာဆိုင်၊ အောင်သမာဓိ စိန်ရွှေရတနာဆိုင်၊ ရွှေကုန်သည် ဦးဧရာစိုးနိုင်တို့ကနေ တစ်နေ့ကို ရွှေ ၅ထုတ်နှုန်းစီနဲ့ တစ်နေ့ ရွှေအထုတ် ၂၀ကို ရောင်းချပေးသွားမှာဖြစ်တယ်လို့ YGEAက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခေါက်ရွှေစျေးနှုန်း တစ်ကျပ်သားကို ၂၂သိန်းကျော်ထိ စံချိန်တင်စျေးနှုန်းမြင့်တက်ခဲ့အပြီးမှာ အခုလို YGEAက ရွှေစျေးနှုန်းထိန်းချုပ်နိုင်ရေးအတွက် ရောင်းချပေးနိုင်ဖို့ လုပ်ဆောင်တာပဲဖြစ်ပါတယ်။

YGEAက တစ်နေ့ ရွှေပိသာချိန် ၂၀ကိုရောင်းချပေးမယ်လို့ သတင်းထုတ်အပြန်ပြီးမှာ ရွှေစျေးနှုန်းဆက်တိုက် ပြန်လည်ကျဆင်းလာခဲ့ပြီး စက်တင်ဘာလ ၂၉ရက်နေ့ ညနေစျေးကွက် မပိတ်ခင်အချိန်ထိ ရွှေစျေးတစ်သိန်းကျော်နီးပါး ကျဆင်းသွားကာ ဆက်လက်ကျဆင်းမယ်လို့လဲ ခန့်မှန်းနေကြပါတယ်။