ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးက ဒုဦးစီးမှူးတစ်ဦး အဖမ်းခံရ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ဒုဦးစီးမှူးတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ရုံးတွင်း သတင်းအရင်းအမြစ်တွေက Delta News Agencyကို ပြောပါတယ်။

စက်တင်ဘာလ ၂၈ရက်နေ့က ရုံးတက်နေစဉ်အတွင်း ဌာနအကြီးအကဲခွင့်ပြုချက်နဲ့ ရဲနဲ့စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

“အသစ်ရောက်လာတဲ့ ဒုဦးစီးမှူးကို ဖမ်းသွားတာ လူက ခပ်ငယ်ငယ်ပဲရှိသေးတယ်၊ ရုံးစာကို ဖေ့ဘုတ်ပေါ် တင်လို့လဲပြောတယ် အတွင်းသတင်းပေါက်ကြားလို့ဆိုပြီး ဖမ်းသွားတာ၊ သူ့ကိုဖမ်းသွားပြီးတော့ နောက်နှစ်ယောက်လဲ ရုံးမတက်တော့ဘဲ ရှောင်နေတယ်ကြားတယ်” ရုံးတွင်း သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ရုံးတွင်းမှာ CDMလုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ ဖေ့ဘုတ်စာမျက်နှာတွေကို သီးသန့်စောင့်ကြည့်ဖို့အတွက် အဖွဲ့တစ်ခုကိုပါ ဖွဲ့စည်းပေးထားပြီး ရုံးဝန်ထမ်းအချင်းချင်းလည်း ပြန်လည်သတင်းပေးနိုင်ပါက ဆုကြေးပုံစံ မုန့်ဖိုးပေးတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။