စားသောက်ကုန်ကလွဲ ကျန်လုပ်ငန်း ရာခိုင်နှုန်း၇၀ကျော် ရပ်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

စားသောက်ကုန်ကလွဲလို့ ကျန်လုပ်ငန်းစုစုပေါင်းရဲ့ ရာခိုင်နှုန်း၇၀ကျော်ဟာ ရပ်တန့်နေပြီလို့ ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာ အာဏာသိမ်းပြီးကတည်းက ရပ်ခဲ့ပြီး တတိယလှိုင်းကိုဗစ်ဒဏ် သည်းထန်စွာခံလိုက်ရတဲ့အချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းအားလုံးနီးပါး ရပ်သွားခဲ့တာပါလို့ ရန်ကုန်မြို့နေ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

‘အခုကတော့ ကျပ်ငွေတန်ဖိုးဆက်တိုက်ထိုးဆင်းလာတော့စားသောက်ကုန်ကလွဲလို့  လုပ်ငန်း၁၀၀မှာ ၇၀ ကျော် ရပ်တယ်။စားသောက် ကုန်လုပ်ငန်းက မရပ်ဘူးဆိုပေမဲ့ နေ့တိုင်း ငွေတန်ဖိုးကျနေတော့ ရောင်းမိရင် ကိုရှုံးသလိုဖြစ်နေတယ်။စား သောက်ကုန်မဟုတ်ဘဲ မရပ်တဲ့လုပ်ငန်းတွေကျတော့ လုံးဝရပ်လိုက်တာမျိုးမဖြစ် ချင်လို့ ဟန်ပြရပ်နေကြ တာ’ လို့ သူကပြောပါတယ်။

ရန်ကုန်မြို့တော်ရှိ ကုမ္ပဏီကြီးတွေဟာလည်း ကိုဗစ်နဲ့အလုပ်မရှိတာတွေကြောင့် လုပ်ငန်းလည်ပတ်မှုအရှိန်ကို လျှော့ချကာ အလှည့်ကျရုံးတက်စနစ်ကျင့်သုံးနေကြတယ်လို့သူက ဆက်ပြောပါတယ်။

အီလက်ထရောနစ်ပစ္စည်းအရောင်းကုမ္ပဏီတွေကတော့ နောက်ထပ်သွင်းလို့မရတော့တဲ့ မော်ဒယ်နိမ့်ပစ္စည်း တွေကိုသာရောင်းချနေကြတာပါ။

‘အီလက်ထရောနစ်ပစ္စည်းတွေ ရောင်းတာဝယ်တာတပ်ဆင်တာ အကုန်ရပ်ပါပဲ။ကျွန်တော့်ကုမ္ပဏီဆိုရင် ပြီးခဲ့ တဲ့၂လလောက်ကတည်းက အလုပ်ကိုတဖြည်းဖြည်းလျှော့လာတာ အခုဆို လုံးဝရပ်သွားပြီ။ကျွန်တော်ကံ ကောင်းသွားတာပေါ့။လို့ အဲကွန်းအရောင်းနဲ့တပ်ဆင်ရေးကုမ္ပဏီပိုင်ရှင်ကပြောပါတယ်။

အလုပ်လက်ခံထားကြတဲ့သူတွေကတော့ လက်ရှိကျပ်ငွေတန်ဖိုး ဇောက်ထိုးဆင်းနေတဲ့အခြေအနေအရ အကျပ်အတည်းတွေ့နေကြတယ်လို့သိရပါတယ်။

‘အရင်ငွေဈေး နဲ့ အခုငွေဈေး သိပ်ကွာသွားတော့ မြန်မာငွေနဲ့ အလုပ်လက်ခံထားတဲ့သူကလည်း ရှုံး၊ဒေါ်လာပေးမယ်ဆိုပြီး အလုပ်အပ်ထားတဲ့သူကလည်း မပေးချင်တော့ အခုညှိကြနှိုင်းကြ အဆင်မပြေကြ နဲ့အသံတွေကြားလာရတယ်’လို့ သူကဆက်ပြောပါတယ်။

စစ်အုပ်စုမပြုတ်မချင်း တိုင်းပြည်စီးပွားရေးရော အစစအရာရာပါ ပြန်ကောင်းလာစရာအကြောင်းမရှိဘူးလို့ သူက မှတ်ချက်ပေးပါတယ်။