လေးကေ(BGF)စခန်းက စခန်းပြုပြင်ရန်အတွက် ပြည်သူတွေကို လုပ်အားပေး အဓမ္မခိုင်းစေခဲ့

၁၃၊ စက်တင်ဘာလ၊ ၂၀၂၁။

လေးကေကျေးရွာ အလယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ BGF(၁၀၁၄)နဲ့ ခမရ(၄၀၆) ပူးပေါင်းတပ်ဖွဲ့ဟာ သူတို့ရဲ့ တပ်စခန်းကို ပြုပြင်ဖို့အတွက်ဆိုပြီး ဒေသခံပြည်သူတွေကို သစ်၊ဝါးခုတ်ပေးဖို့ အဓမ္မစေခိုင်းခဲ့တယ်လို့ KNU ဘီးလင်းမြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းပေးပို့ထားကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

တပ်စခန်းပြုပြင်ဖို့အတွက် စက်တင်ဘာလ (၆)ရက်နေ့က လေးကေကျေးရွာက ရွာသူရွာသားတွေကို တစ်အိမ်ကို သစ်(၂)ချောင်းနဲ့ ဝါး(၁၀)ချောင်း ခုတ်ပြီး စခန်းကို ပို့ပေးဖို့ အဓမ္မစေခိုင်းခဲ့တာပါ။

“လွန်ခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က တစ်ခါခုတ်ခိုင်းတယ် အရှည်(၅)တောင်ရှိတဲ့သစ်(၂)ချောင်းနဲ့ အရှည်ဆယ်တောင်ရှိတဲ့ဝါး(၁၀)ချောင်း၊ စခန်းပြင်ဖို့လို့ပြောတယ် ပိုက်ဆံမပေးဘူး အဓမ္မခိုင်းတာပေါ့၊ အဲ့တုန်းကတော့ လေးကေရွာနဲ့ ကျောက်ဖျာရွာ(၂)ရွာပေါ့နော်”လို့ ဘီးလင်းမြို့နယ် သတင်းတာဝန်ခံကပြောပါတယ်။

ပထမအကြိမ်မှာလည်း အခုလို အဓမ္မစေခိုင်းခဲ့သေးပြီး အခု ဒုတိယအကြိမ်အဖြစ် ထပ်မံခိုင်းစေခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သစ်၊ဝါး ရှားပါးနေပေမဲ့ အဓမ္မစေခိုင်းမှုကြောင့် ဒေသခံတွေက ရှာဖွေခုတ်ပေးခဲ့ရပြီး ကိုယ်ပိုင်သစ်၊ဝါး မရှိသူတွေက ဝယ်ယူပြီးတော့ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

“အရင်တစ်ခေါက်ခုတ်ခိုင်းတုန်းက ပိုက်ဆံပေးမယ်ပြောပြီးတော့ မပေးဘူး၊ အခုတစ်ခေါက်လည်းပေးမယ်လို့ပြောတယ်၊ ဒါပေမယ့်ပေးမှာမဟုတ်ဘူး၊ စက်တင်ဘာလ (၁၀)ရက်နောက်ဆုံးထားပြီးခုတ်ပေးရမယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လေးကေကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ ပူးပေါင်းအဖွဲ့မှာ စုစုပေါင်းအင်အား (၉၅)ဦးရှိပြီး ခမရ (၄၀၆) တပ်ရင်းက တပ်ရင်းမှူး ကျော်ကျော်လတ်ဦးဆောင်ပြီး အင်အား (၂၅)ဦးနဲ့ BGF-၁၀၁၄တပ်ရင်းက တပ်ခွဲမှူး ကျော်လဲ ဦးဆောင်တဲ့ အင်အား ၇၀ပါဝင်တယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Delta News Agency

Read Previous

စစ်အုပ်စုရဲ့ ဗဟိုဘဏ်က ကန်ဒေါ်လာ ၁၅သန်းကို စျေးပြိုင်စနစ်နဲ့ ထပ်မံရောင်း

Read Next

ကုလသမဂ္ဂလူအခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့် မရသေး