စောချစ်သူရဲ့ ကရင် BGFက စစ်ကောင်စီကို စွန့်ခွာပြီး ရွှေကုက္ကိုမှာ ခံစစ်ပြင်နေတယ်လို့ ထိုင်းမီဒီယာဖော်ပြ

ဇန်နဝါရီ၊ ၂၂

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ကရင် နယ်ခြားစောင့်တပ် (BGF)ဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်း ရပ်တည်နေမှုကို စွန့်ခွာပြီး ရွှေကုက္ကိုမြို့သစ်မှာ ခံစစ်အတွက် အားဖြည့် ပြင်ဆင်နေကြောင်း ထိုင်းမီဒီယာ တခုက ဖော်ပြခဲ့ပါတယ်။

 Thai PBS Northရဲ့ ထိုင်းဘာသာနဲ့ ဖော်ပြထားတဲ့ သတင်းမှာ ဇန်နဝါရီ ၂၁ ရက်ကစလို့ ကရင် BGF တပ်ဖွဲ့ဝင် ၃၀၀ လောက်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်း လုံခြုံရေး ယူထားမှုကို စွန့်ခွာခဲ့ကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူဟာ စစ်ကောင်စီက မက်လုံးပေးထားတဲ့ လစာနဲ့ ခံစားခွင့်တွေကိုလည်း စွန့်ခွာသွားကြောင်း ရေးသားထားပါတယ်။

 ရွှေကုက္ကို အပါအဝင် ထိုင်းနဲ့မြန်မာ နယ်စပ်၊ မြဝတီမြို့နားမှာရှိတဲ့ တရားမဝင် အွန်လိုင်း ကာစီနိုတွေနဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို နှစ်နိုင်ငံ စစ်တပ်တွေ ပူးပေါင်း ဖြိုခွင်းဖို့ ညှိနှိုင်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေချိန် ဗိုလ်မှူးကြီး စောချစ်သူနဲ့ စစ်ကောင်စီကြား အကွဲအပြဲ သတင်းကို ထိုင်းမီဒီယာက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ရွှေကုက္ကိုဟာ ကရင် BGFရဲ့ လွှမ်းမိုး နယ်မြေတခုဖြစ်ပြီး တရားမဝင် လုပ်ငန်းတွေ အခြေစိုက်မှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

 ဇန်နဝါရီ ၁၁ ရက်မှာ စစ်ကောင်စီခန့် ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ကရင်ပြည်နယ် ဥက္ကဋ္ဌ ဦးစိုးမြင့်ဦးတို့က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဗိုလ်မှူးကြီး စောချစ်သူကို နေပြည်တော်ဆီ လာရောက် ဖိတ်ခေါ်ခဲ့ကြောင်း၊ ဒါပေမဲ့ ဗိုလ်မှူးကြီး စောချစ်သူက BGFဟာ စစ်တပ်ရဲ့ လက်အောက်ခံအဖြစ် ဆက်မရှိတော့ဘဲ သီးခြား ခွဲထွက် ရပ်တည်ဖို့၊ ဘက်မလိုက်ဘဲ ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တာဝန်ယူ လုပ်ဆောင်ထားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အသိပေး တုံ့ပြန်ခဲ့တယ်လို့ Thai PBS Northက ဆိုပါတယ်။

 ကာလရှည်ကြာ မဟာမိတ်အဖြစ် ရပ်တည်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ BGFတို့ဟာ အဲဒီကိစ္စကို အကြောင်းပြုပြီး ဆက်ဆံရေး တင်းမာလာတဲ့နောက် အခုအခါ ဗိုလ်မှူးကြီး စောချစ်သူနဲ့ နောက်လိုက်နောက်ပါတွေဟာ စစ်ကောင်စီနဲ့ ပူးတွဲ တပ်ဖြန့်ထားမှုကို ရုပ်သိမ်းပြီး ခံစစ် ပြင်နေကြောင်း၊ BGF ထိန်းချုပ်နယ်မြေတွေကို ကာကွယ်ဖို့ ဗိုလ်မှူးကြီး စောချစ်သူက ညွှန်ကြားထားကြောင်း ဆိုပါတယ်။

၁၉၉၄ ခုနှစ်မှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)ဟာ ကရင် အမျိုးသား အစည်းအရုံး (KNU)ဆီကနေ ခွဲထွက်လာပြီး စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပါတယ်။ အဲဒီနောက် DKBAနဲ့ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ (KPF)တို့ရဲ့ အင်အားတွေ စုပေါင်းပြီး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ခွဲထွက်အဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာစစ်တပ် လက်အောက်ခံ BGF အနေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Ref: Thai PBS North