ပြည်သူလူထုအနေနဲ့ စစ်ရေးသတိရှိဖို့ ဗိုလ်မှူးကြီးနော်ဘူပြော 

၇၊ စက်တင်ဘာလ၊ ၂၀၂၁။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUGက စက်တင်ဘာလ ၇ရက်နေ့ကို ပြည်သူ့တော်လှန်ရေး စတင်တဲ့နေ့ဖြစ်တယ်လို့ ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တာမို့ ပြည်သူလူထုအနေနဲ့ စစ်ရေးသတိဝီရိယရှိရန် ကေအိုင်အို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားလိုက်ပါတယ်။

“ကေအိုင်အို ဗဟိုကော်မတီအနေနဲ့ ကြေညာချက်နဲ့ပတ်သက်လို့ သုံးသပ်တာ သဘောထားထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့ NUG ရဲ့ကြေညာချက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်တယ်ဆိုတော့ ပြည်သူလူထုလည်း စစ်ရေးသတိဝိရီယနဲ့တော့နေရမယ်လို့ ကျွန်တော်ပြောလိုပါတယ်။ နေရာတကာမှာ တိုက်ပွဲတွေလည်း ဖြစ်နိုင်ဖွယ်ရှိတာပေါ့။ အဲဒါကြောင့် မိသားစု လုံခြုံရေး တစ်ဦးတစ်ယောက် ပုဂ္ဂလိကလုံခြုံရေးတွေအားလုံးကတော့ နားစွံ့ပြီးမှ သတိဝီရိယနဲ့ နေဖို့တော့လိုမယ်လို့ အသိပေးလိုပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

 

ဆက်လက်ပြီး ဗိုလ်မှူးကြီးနော်ဘူးက “တိုက်ပွဲတွေကတော့ ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ ပြည်သူလူထုတွေ ဘယ်လောက်ထိကြိုးစားမလဲ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ PDF တွေ ပြောရမယ်ဆိုရင် NUG ရဲ့ ကာကွယ်ရေးတပ်တွေ ဘယ်လောက်ထိလုပ်ဆောင်နိုင်မလဲဆိုတဲ့အပိုင်းပေါ့နော်။ အဲ့မှာ မူတည်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ကြေညာထားတယ်ဆိုတော့ တိုက်ပွဲကတော့ ဖြစ်မှာပါ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဆိုးဝါးသည့်ရာဇဝတ်မှုတွေကို ကျူးလွန်လေ့ရှိတာကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ပေါ်လာပါက သက်ဆိုင်ရာကို သတိပေးတိုင်ကြားသင့်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက အကြံပြုပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်တာမျိုးရှိလို့ရှိရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးဖို့တော့ လိုပါတယ်။ ဥပမာ မုဒိမ်းကျင့်တာတို့၊ နောက်ပြီး ပြည်သူတွေကို နှိပ်စက်တယ်၊ သတ်ဖြတ်တယ် လူမှုရေးနဲ့ ပတ်သတ်တဲ့ဟာတွေကို အားလုံးကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးဖို့ ဆက်သွယ်ဖို့က အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ အားလုံးဝိုင်းပြီးကြိုးပမ်းဖို့ တာဝန်ရှိလာမှာ ဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူကဆိုပါတယ်။

Credit-The 74 Media