မိုးမောက်မြို့ထဲကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား သုံးဦးသေဆုံး

ဧပြီ ၊ ၂၃

ကချင်ပြည်နယ်၊ မိုးမောက်မြို့ ပေါ်ရှိ အလင်း ကောင်ရပ်ကွက်ကို စစ်တပ်ကမနေ့က နေ့ခင်းပိုင်း မှာလေကြောင်းကတဆင့်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သား သုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တဦးကပြောပါတယ်။

မိုးမောက်မြို့နယ်အတွင်းကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တွေကြား မ​နေ့ မနက်ပိုင်းတွေ့တိုက်ပွဲဖြစ်ပြီးနောက်စစ်တပ်ကမြို့တွင်းကိုဗုံးကြဲခဲ့လို့ အသက်(၁၄)နှစ်အရွယ် မကြည်ကြည်ဝင်း   အသက် နှစ်ဆယ်ကျော်ကိုကျော်ဇင်လတ်နဲ့ အသက်လေးဆယ်ကျော် ကိုစန်းဝါ တို့သေဆုံးသွားခဲ့တာပါ။

“ စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် အဲ့ဘက်မှာ တိုက်ပွဲတွေဖြစ်ကြတာပေါ့၊ လေယျာဉ်နဲ့ပစ်လို့ သုံးဦးပွဲချင်းပြီးဆုံးသွားတယ် လေးဦးထိခိုက်တာမှာ တဦးကစိုးရိမ်ရတယ်။ ထိခိုက်သူတွေကို ဗန်းမော်ဆေးရုံမှာ ကုသပေးနေတယ်” လို့ဒေခံစစ်ရှောင်အရေးကူညီသူ ကပြောပါတယ်။

မနေ့က တိုက်ပွဲအတွင်း စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ နှစ်ကြိမ်လာရောက်ဗုံးကြဲခဲ့လို့ ပြည်သူပိုင်နေအိမ်တချို့နဲ့ ခရစ်ယန်ဘုရားကျောင်းတခုလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။

“ နေအိမ်တွေကတော့ အိမ်ခေါင်းမိုးတွေ ပေါက်ပြဲကုန်တာရှိတယ် အိမ်တခုလုံးပျက်စီးသွားတာတွေလည်းရှိတယ် “ လို့ သူကပြောပါတယ်။

မိုးမောက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခမရ ၄၃၇ တပ်က အင်အား အများအပြားနဲ့ မြို့အထက်ပိုင်းရှိ KIA တပ်တွေရှိရာဘက်ကို ထိုးစစ်ဆင်လာတဲ့အတွက် ခါနန် ရပ်ကွက်နဲ့ ခူလီကျေးရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာလည်း မိုးမောက်မြို့ဒေသခံတွေဟာ မြိုဲတွင်းတိုက်ပွဲ တွေကြောင့် နီးစပ်ရာ ဒေသတွေအပြင် ဗန်းမော်၊ မြစ်ကြီးနားနဲ့ တောင်ပေါ်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့အတွင်းမှာ အိမ်စောင့်လောက်သာကျန်တယ်လို့ သူကပြောပါတယ်။

“ အိမ်မှာကျန်တဲ့သူတွေလည်း အပြင်မထွက်ရဲကြဘူး အကုန်တံခါးတွေပိတ်ထားရတယ် “ လို့သူကပြောပါတယ်။

ဗန်းမော်မြို့ကို သွားရောက်စစ်ရှောင် နေသူတွေကို  နီးစပ်ရာ စစ်ရှောင်စခန်းတွေနဲ့ ဘာသာရေးကျောင်းတွေမှာ ထားရှိပြီး စားရေးသောက်ရေးအတွက် အလှူရှင်တွေက ကူညီပေးထားရတယ်လို့ သိရပါတယ်။