မြဝတီမြို့ အကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင် ​သေနတ်နဲ့ ပစ်ခတ်ခံရ

၆၊ စက်တင်ဘာလ၊ ၂၀၂၁။

ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီနေ့ မွန်းတည့် ၁၂ နာရီခန့်က မြေနီကုန်းရပ်မှာ လူမှုအကျိုးပြုဆောင်ရွက်နေသူ တစ်ဦးကို ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦးက သေနတ်နဲ့ ၅ ချက်တိတိ ပစ်ခတ်ခဲ့တယ်လို့ ​ကေအိုင်စီသတင်းဌာနက ​ဖော်ပြပါတယ်။

ပစ်ခတ်ခံရသူမှာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြေနီကုန်းရပ်နေ မြဝတီမြို့ အကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ဝင်းလှိုင် (ခ) ကိုအညာသား ဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ​တော့ မရှိခဲ့ပါဘူး။

 

လမ်းခင်းလုပ်ငန်းလုပ်​ဆောင်ပြီး ထမင်းစားပြန်နားချိန် အေးငြိမ်းသာယာ ဘုန်းကြီးကျောင်း အရှေ့ လမ်းထိပ်ကွေ့အရောက်မှာ ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦးက လမ်းမှာ စောင့်ပြီးပစ်ခတ်ခဲ့တာလို့ ကာယကံရှင် ဦး​အောင်ဝင်းလှိုင်က ပြောပါတယ်။

ပစ်ခတ်ပြီးနောက် သေနတ်သမား နှစ်ဦးဟာ ဆိုင်ကယ်မောင်းပြေးသွားလို့ ဦး​အောင်ဝင်းလှိုင်က ​နောက်က​နေ ကားနဲ့ လိုက်ရာ မြဝတီ အမှတ် ၂ တံတား ရေပူရွာအနီး မျက်ခြေပြတ်သွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှု​ကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိသော်လည်း ဦး​အောင်ဝင်းလှိုင်စီးလာတဲ့ မော်တော်ယာဉ် အရှေ့ဘက်ခြမ်းမှာ ကျည်ဖောက်ရာ​တွေဖြစ်ခဲ့ပြီး ၉မမ ကျည်ခွံ​တွေကိုလည်း တွေ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကာယကံရှင် ဦးအောင်ဝင်းလှိုင်ဟာ မြဝတီမြို့မ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

Source – KIC