ပြည်သူပိုင်မြေယာဖျက်ကာ စစ်တပ်နဲ့လေယာဉ်ကွင်း ဆက်သွယ်ရေးလမ်းဖောက်ဖို့ စစ်အုပ်စုစီစဉ်

၄၊ စက်တင်ဘာလ၊ ၂၀၂၁။

ပူတာအိုမြို့ အခြေစိုက် ခလရ ၄၆ တပ်ရင်းနဲ့ လေယာဉ်ကွင်းကို တိုက်ရိုက်ဆက်သွယ်ရေး လမ်းဖောက်လုပ်ဖို့ စစ်အုပ်စုက ဒေသခံတွေရဲ့ လယ်ယာမြေတွေ နစ်နာကြေးမပေး ခွင့်ပြုချက်မရယူဘဲ ဥပဒေမဲ့ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ လေယာဉ်ကွင်းကို သွားတဲ့လမ်းဟာ စစ်ရေးအရ လှုပ်ရှားရန် ခက်ခဲနေသောကြောင့် လေယာဉ်ကွင်းရပ်ကွက်နဲ့ ပါအင်ရပ်ကွက်ကြားရှိ ဟိုဖိုင်မြောက်ပိုင်း လယ်ကွင်းပေါ်မှာ ၁ မိုင်ခန့်အရှည်လျားတဲ့ လမ်းဖောက်လုပ်ဖို့ အလံနီ လိုက်လံ သတ်မှတ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အခုဖောက်မယ့်လမ်းက စစ်တပ်နဲ့ လေယာဉ်ကွင်းပိုနီးဖို့ပေါ့။ လက်ရှိကတော့ ကောင်ကထောင်ဘက်က ကွေ့ဝင်ရတော့ သူတို့ ချောင်းပစ်ခံရတဲ့အချိန်ဆို မြန်မြန် လှုပ်ရှားလို့မရ၊ ဆိုတော့ အခု သူတို့က ၂ လမ်းသွားနိုင်ဖို့ လုပ်နေတာ။ အရင်တစ်ခေါက်ကဆို သူတို့ ရှော့တိုက် ဒုံးနဲ့ ပစ်ခံရတာ”လို့ ပြောပါတယ်။

 

စီမံကိန်းအတွက် လေယာဉ်ကွင်း အုပ်ချုပ်ရေးမှူး ဦးဒခွမ်ရင်နဲ့ ဦးဖေရမ်ဖုန်ဆန်းတို့အပါအဝင် မြေစာရင်းရုံးဝန်ထမ်းတွေက လယ်ယာမြေတွေပေါ်မှာ အလံနီလိုက်လံသတ်မှတ်ခဲ့ကြတယ်လို့သိရပါတယ်။

ဒေသခံတွေရဲ့ သဘောတူညီမှုကို ရယူခြင်းမရှိဘဲ လမ်းဖောက်လုပ်ဖို့ စီစဉ်နေမှုကို ကန့်ကွက်ကြောင်း လယ်ပိုင်ရှင်အချို့က ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ ဩဂုတ် ၃၁ ရက်နေ့က စာပို့ထားခဲ့ပါတယ်။

“အခု ခက်ထိန်နန်နဲ့ မြောက်ပိုင်းတိုင်းအဖွဲ့ကိုလည်း ကန့်ကွက်စာ တင်ထားတယ်တဲ့ ၃၁ ရက်နေ့က။ ဒေသခံ လူဦးရေ ဘယ်လောက် တင်ထားသလဲဆိုတာကတော့ မသိသေးဘူး။ တချို့ကတော့ အဲဒီလယ်တစ်ကွက်ကိုပဲ မှီခိုပြီး လုပ်ကိုင်စားသောက်နေတာဖြစ်တဲ့အတွက် အဲဒါမရှိရင် ရှင်သန်ဖို့ အရမ်းခက်လာမယ်လို့ ပြောတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လယ်မြေ ဧကပေါင်း ၃၀၀ ကျော် ကျယ်ဝန်းသော ဟိုဖိုင်မြောက်ပိုင်း လယ်ကွင်းကို ဗဟိုအလယ်တည့်တည့်ဖြတ်ကာ ဧက ၁၀ ပတ်လည်ကျယ်ဝန်းတဲ့ လမ်းဆောက်လုပ်မှာဖြစ်ပြီး လယ်ယာမြေ ဧကဘယ်လောက်ထိ ပျက်စီးသွားမယ်ဆိုတာကို မသိရသေးလို့ သိရပါတယ်။

“ချောင်းကိုလည်း တံတားထိုးမယ်ထင်တယ်။ နွေရာသီဆိုရင်တော့ ချောင်းကနေလည်း ကားဖြတ်လို့ရတယ်။ ဒါပေမယ့်သူတို့ကတော့ နွေ၊ မိုး၊ ဆောင်း အဆင်ပြေဖို့ တံတားလုပ်လိမ့်မယ်။ အမှန်တိုင်းပြောရင် ဒီလမ်းက ဒေသခံတွေ သွားလာလို့ရမယ့် လမ်းလည်းမဟုတ်ဘူး”ဒေသခံတစ်ဦးကပြောပါတယ်။

ဟိုဖိုင်မြောက်ပိုင်းလယ်ကွင်းဟာ ပူတာအိုမြို့ပေါ်ရပ်ကွက်၊ လေယာဉ်ကွင်း၊ ကောင်ကထောင်၊ ပါအင်နဲ့ လုံးစွတ် စသောရပ်ကွက်တွေက ဒေသခံတွေ လုပ်ကိုင်စားသောက်သော မြေယာဖြစ်ပါတယ်။

Credit- Kachin News Group