ပြင်သစ်ဂျာနယ်လစ်ဇင်ပွဲတော်မှာ မြန်မာဓါတ်ပုံဆရာတစ်ဦး ထိပ်တန်းဆုရ

၅၊ စက်တင်ဘာလ၊ ၂၀၂၁။

ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ပြုလုပ်တဲ့ “Visa Pour L’Image” ဓာတ်ပုံဂျာနယ်လစ်ဇင် ပွဲတော်မှာ မြန်မာဓာတ်ပုံဆရာတစ်ဦးဟာ စစ်အာဏာသိမ်းကာလအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ ထိပ်တန်း ဓာတ်ပုံဆုကို ဆွတ်ခူးခဲ့တယ်လို့ Daily Mail သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။

လုံခြုံရေး အခြေအနေကြောင့် နာမည်မဖော်ပြထားတဲ့ မြန်မာဓာတ်ပုံဆရာဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်ရက်ဖြိုခွင်းမှုတွေကို မှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။

“ကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ အသံဗုံးတွေကြားထဲမှာ အလုပ်လုပ်ရတာ မလွယ်ကူခဲ့ပါဘူး”လို့ သူက ပြောခဲ့ပါတယ်။

 

ဆုရ မြန်မာဓာတ်ပုံဆရာရဲ့ ဓာတ်ပုံအများစုမှာ ကျောက်ခဲတွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြပြည်သူတွေ၊ ကျည်ဆန်တွေနဲ့ ပစ်ခတ်နေတဲ့ စစ်သားတွေနဲ့ သေဆုံးသူတွေအတွက် ဝမ်းနည်းပူဆွေးကြရတဲ့ ပုံရိပ်ဓာတ်ပုံတွေ ပါဝင်ခဲ့ပါတယ်။

“Visa Pour L’Image” လို့ အမည်ရတဲ့ ပွဲတော်ဟာ ပြင်သစ်နိုင်ငံမှာ နှစ်စဉ် ကျင်းပတဲ့ နာမည်ကျော် ဓာတ်ပုံဂျာနယ်လစ်ဇင်ပွဲတော်ဖြစ်ပြီး အခုနှစ်မှာတော့ မြန်မာဓာတ်ပုံဆရာဟာ ဂရိ၊ အမေရိကန်နဲ့ အိန္ဒိယ ဓာတ်ပုံဆရာတွေကို ကျော်လွန်ပြီး ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။