တန့်ဆည်မြို့က ရွာတွေကို လုယက်ပြီးပြန်လာတဲ့ စစ်အုပ်စုယာဉ် ဒီပဲယင်းမှာ မိုင်းထိ

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။

တန့်ဆည်မြို့နယ် ကာပေါင်းကျ၊ လိပ်ခြံ၊ ရွာသစ်ကုန်း၊ တပိုး၊ အိုင်လျား၊ နှမ်းခင်းကြီး၊ သစ်တော်ပေါက်၊ သစ်စေးကုန်း စတဲ့ကျေးရွာတွေမှာ ပြည်သူတွေရဲ့ နေအိမ်တွေကိုဖျက်ဆီး ရိက္ခာတွေကို လုယက်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းဟာ ဩဂုတ်လ ၃၁ရက်နေ့ ညနေ ၃နာရီခန့်မှာ ဒီပဲယင်းမြို့နယ် ကြည်ရွာနဲ့ ရွာသစ်ရွာအနီးအရောက်မှာ မိုင်းဆွဲအတိုက်ခံရပြီး စစ်ကားတစ်စင်းမီးလောင်ကာ အများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

“မိုင်းက တစ်လုံးပြီး တစ်လုံးဆင့်ပေါက်တာ တစ်နေရာထဲ မဟုတ်ဘူး၊ ကြည်ရွာနားမှာ ကားမီးလောင်ပြီး ထိသွားတဲ့ သူတွေကို တင်ပြီးတော့ ဆက်ထွက်လာတာကို ပျံကျရွာနားတစ်ချက် စိုင်ပြင်ရွာနားမှာ တစ်ချက် ထပ်ပေါက်တယ် အတော်ထိမယ်၊ ဝဋ်က ချက်ခြင်းလည်တာပဲ”လို့ ဒီပဲယင်းမြို့ ဒေသခံတစ်ဦးပြောပါတယ်။
ဆွဲမိုင်း သုံးကြိမ်ထိ ထိခဲ့တဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းမှာ ဘယ်လောက်သေပြီး ဘယ်လောက်ဒဏ်ရာရရှိတယ်ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။