ဝိုင်းမော်မြို့မှာ စစ်ရာဇဝတ်မှုတွေကို ခလရ (၅၈)က ဆက်တိုက်ကျူးလွန်နေ

၂၈၊ ဩဂုတ်လ၊ ၂၀၂၁။

ဝိုင်းမော်မြို့မှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ခလရ (၅၈)က ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာ အပြစ်မဲ့ အရပ်သားနေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာစတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေပါတယ်။

နေ့စဉ်နီးပါး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေ့ခဲ့ပြီး ဒီကနေ့ ဩဂုတ်လ ၂၈ရက်နေ့ မွန်းလွဲ ၁နာရီခန့်မှာလည်း တပ်စခန်းအနီးက ဖြတ်သွားမိတဲ့ ပြည်သူသုံးဦးကို မတရားဖမ်းဆီးထားပါတယ်။

နေအိမ်ကနေ စျေးဝယ်ဖို့သွားတဲ့ မဒိန်ကျေးရွာ ဒေသခံတွေဖြစ်တဲ့ ရှီကျန့်ဘောမ်ဇုန်း၊ ယောခေါနဲ့ ဇုန်းဆောလ်ကို ဖမ်းဆီးခဲ့တာပါ။ သူတို့ကို ခလရ(၅၈) တပ်စခန်းထဲကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၂၇ရက်နေ့ ညပိုင်းကလည်း ခလရ(၅၈)က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေစဉ် မဒိန်ကျေးရွာက ဦးလုံဘန်ခေါဇုံးကို ကျည်ထိမှန်ပြီး ကွယ်လွန်ခဲ့ပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာလည်း လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အနီးက ကျေးရွာတွေဖြစ်တဲ့ တန်ဘောင်၊ မဒိန်နဲ့ခကွန်ကျေးရွာတွေက ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများစွာကို လက်နက်ကြီးတွေကျရောက်ပြီး ပျက်စီးခဲ့ရပါတယ်။

ဩဂုတ်လ ၇ရက်နေ့မှာလည်း အခုလိုပဲ ခလရ(၅၈)ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဝူယန်ကျေးရွာက အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ကာ ကွယ်လွန်ခဲ့ရပါတယ်။

ခလရ(၅၈)ဟာ ဇူလိုင်လ ၂၉ရက်နေ့မှာ ဝင်ရောက်စီးနင်းခံရပြီးနောက်မှာ အခုလို ဒေသခံ ပြည်သူတွေကို ပစ်မှတ်သဖွယ်ထားရှိပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကို နေ့စဉ်လို လုပ်ဆောင်နေပြီး တပ်စခန်းအနီးက ဖြတ်သန်းသွားတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေခဲ့ပါတယ်။