ဝိုင်းမော်မြို့ ခလရ ၅၈တပ်ရင်းအနားမှာ ပြည်သူတွေမနေဖို့ စစ်အုပ်စုကြေညာ

၁၄၊ ဩဂုတ်လ၊ ၂၀၂၁။

ဝိုင်းမော်မြို့ အခြေခစိုက် ခလရ ၅၈တပ်ရင်းအနီးရှိ ကျေးတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေကို ဆက်လက်နေထိုင်ခြင်းမပြုဘဲ ရှောင်တိမ်းနေဖို့ အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၁၄ရ က်နေ့မှာ အသံချဲ့စက်တွေနဲ့ ကျေးရွာအတွင်းကို လိုက်လံကြေညာခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်စခန်းအနီးမှာရှိတဲ့ မဒိန်ကျေးရွာ၊ ခကွမ်ကျေးရွာ၊ တန်ဘောင်ကျေးရွာတွေက ဒေသခံတွေကို ဩဂုတ်လ ၂၁ရက်နေ့အထိ ကျေးရွာအတွင်းမှာ နေထိုင်ခြင်းမပြုလုပ်ဖို့ စစ်အုပ်စုက ကြေညာခဲ့တာပါ။

“အရင်ရက်တွေတုန်းကလည်း ဘာမှန်းမသိဘူး သူတို့ တပ်ထဲကနေ ရမ်းပစ်နေလို့ အနားကျေးရွာက လူတွေ ထိတာရော အိမ်တွေပျက် မွေးထားတာတွေ သေနဲ့ အများကြီးဖြစ်တယ်၊ အခုကျတော့ ရှောင်ခိုင်းပြန်ပြီ သူတို့ ဘာလုပ်ချင်နေလည်း မသိဘူး၊ ရှောင်ဆိုတော့ မနေရဲဘူးလေ အကုန်အမြန်ထွက်ပြေးရတာပေါ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာပဲ”လို့ ခကွမ်ကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို ပြောင်းရွှေ့ခိုင်းနေတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်အုပ်စုကို ပြောက်ကျားစစ်ဆင်ရေးလုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်မှုအပြီးမှာ ရှောင်တိမ်းခိုင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။