နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရဲ့ ပါမောက္ခချုပ် ဆရာတော် ကိုဗစ်နဲ့ ပျံလွန်တော်မူ

၂၆၊ ဩဂုတ်လ၊ ၂၀၂၁။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရဲ့ ပါမောက္ခချုပ် ဆရာတော် ဖြစ်သူ ဒေါက်တာ ဘဒ္ဒန္တပဏ္ဍိတဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)ဟာ ဩဂုတ်လ ၂၅ရက်နေ့ ည ၉နာရီ ၃၀မိနစ်မှာ ကိုဗစ်ကူးစက်ခံရပြီး မန္တ‌လေးမြို့ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆေးဝါးကုသမှုခံယူနေစဉ် ပျံလွန်တော် မူသွားတယ်လို့ မန္တလေး သာသနာ့တက္ကသိုလ်ရဲ့ မော်ကွန်းထိန်းရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။


အစိုးရဓမ္မာစရိယ၊ မန္တလေး-ပရိယတ္တိသာသနဟိတ (သကျသီဟဓမ္မာစရိယ)၊ရန်ကုန် စေတိယင်္ဂဓမ္မာစရိယ၊ (သ. စ. အ ဓမ္မာစရိယ)၊ပဲခူးမြို့- သာသနင်္ကုရ ဓမ္မာစရိယတို့ အောင်မြင်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်က L.L.B (ဥပဒေဝိဇ္ဇာဘွဲ့)၊ သီရိလင်္ကာနိုင်ငံက M.A(မဟာဝိဇ္ဇာဘွဲ့)၊ အိန္ဒိယနိုင်ငံက Ph.D (ဒေါက်တာဘွဲ့)တွေ ရရှိခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်သူ ဒေါက်တာ ဘဒ္ဒန္တပဏ္ဍိတဝရာဘိဝံသကို မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်စံပြကျေးရွာမှာ ၁၃၀၆ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၇)ရက်၊ ကြာသပတေးနေ့မှာ ခမည်းတော် ဦးခင်မောင်+မယ်တော် ဒေါ်နုတို့က ဖွားမြင်ခဲ့ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇နှစ် ဝါတော် ၅၇ ဝါရှိပြီဖြစ်ပါတယ်။