နေပြည်တော်ကို လူသန်းချီနေနိုင်တဲ့ မြို့တော်အဖြစ်တိုးချဲ့ဖို့ စစ်အုပ်စု ပြင်ဆင်နေ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

နေပြည်တော်မှာ လူဦးရေ သန်း၂၀အထိ နေနိုင်ပြီး ခေတ်မှီမြို့တော်အဖြစ် တည်ဆောက်ဖို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဆင်နေပါတယ်။

ဩဂုတ်လ ၁၇ရက်နေ့မှာ စစ်အုပ်စုခေါင်းဆောင်တွေ စုဝေးကျင်းပတဲ့ နေပြည်တော်မြို့တော် ဖွံဖြိုးတိုးတက်ရေးအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ကို အခိုင်အမာမြို့တော်တစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့အတွက် ပြင်ဆင်မှုအချို့ကိုချပြခဲ့တာပါ။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကထားလုပ်ဆောင်ပြီး၊ သစ်တောဖုံးလွှမ်းမှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့၊ လျှပ်စစ်ဓာတ်အားကို နေပြည်တော်မှာပဲ ထုတ်ယူနိုင်ဖို့၊ အဆင့်မြင့်တက္ကသိုလ်တွေ တည်ဆောက်ဖို့နဲ့ လျှပ်စစ်ဘတ်စ်ကားနဲ့ မြေအောက်မီးရထားလမ်းတွေပါ တည်ဆောက်နိုင်ဖို့အတွက် စတင်လုပ်ကြဖို့ စီမံကိန်းအချို့ကို ချပြခဲ့တာပါ။

အာဏာသိမ်း စစ်အုပ်စုဟာ နေပြည်တော်ကို နိုင်ငံတစ်ခုသဖွယ် အခိုင်အမာတည်ဆောက်ပြီးတော့ နိုင်ငံ့အာဏာကို ရနိုင်သမျှ ဆက်လက်ထိန်းသိမ်းသွားဖို့ ကြိုးစားမှုတစ်ခုလည်းဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

“တစ်ချိန်က ရန်ကုန်အစိုးရလို့ပေါ့၊ ဒီကောင်တွေက သူတို့အခြေအနေမဟန်မှန်းလည်းသိတယ် ကြာကြာမထိန်းနိုင်တော့တာလည်းသိတော့၊ ဦးသန်းရွှေလုပ်သွားတဲ့ နေပြည်တော်ကို အခိုင်အမာထပ်ချပြီးတော့ ရတဲ့နေရာကနေ ဆက်ကိုင်ထားဖို့ ကြံစည်ထားပုံရတယ်၊ အကုန်လုံး အဖက်ဖက်ကနေ ယိုယွင်းကျလာချိန်မှာ နေပြည်တော်တစ်ခုကိုပဲ အဓိကထားပြီး တည်ဆောက်နေတာ တည်ဖို့ကြံနေတာဟာ နေပြည်တော်အစိုးရဆိုတဲ့ နောက်ဆုံးလမ်းစဉ်အထိကို ကြံစည်ထားနိုင်တယ်”လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံ့အာဏာကို လက်နက်ပြလုယူပြီးနောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် အတူတကွ တိုက်ပွဲဝင်ရောက်လာတာကြောင့် စစ်အုပ်စုအနေနဲ့ အဖက်ဖက်မှ အထိနာနေချိန်မှာ နေပြည်တော်ကို ခြေကုပ်ယူဖို့ ကြိုးစားနေခြင်းလည်း ဖြစ်ပါတယ်။