စစ်အုပ်စုက ကိုဗစ်ကပ်ဘေးကို လက်နက်သဖွယ်သုံးနေလို့ အသက်ဆုံးရှုံးမှုတွေ များနေရတယ်လို့ KHRG ထုတ်ပြန်

၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

အာဏာသိမ်းစစ်အုပ်စုဟာ ကိုဗစ် ကပ်ဘေးကို လက်နက်သဖွယ်အသုံးပြုနေတာသောကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်လ ၉ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့မှာ KHRG က အခုလိုထုတ်ပြန်ခဲ့တာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခ ပိုမိုပြင်းထန်လာတာကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအပြင်

 

ကိုဗစ်ကပ်ရောဂါ ပြဿနာကလည်း ဒီအခက်အခဲတွေကို ပိုမိုဆိုးရွားစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက မြန်မာပြည်တစ်ဝန်းလုံးမှာ စစ်အုပ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုပိုမိုများပြားလာခဲ့ပြီး စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ကရင်ဒေသခံရွာသားတွေသေဆုံး၊ ဒဏ်ရာရတာ ရှိခဲ့သလို သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်ရွှေ့ပြောင်းရတာတွေရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာပြည် အရှေ့တောင်ပိုင်းမှာရှိတဲ့ ကျေးလက်ဒေသတွေမှာလည်း ကျန်းမာရေးလက်လှမ်းမီနိုင်မှု အလွန်အားနည်းတာကြောင့် ဒေသခံတွေဟာ ကိုဗစ်သံသယ လူနာတွေကို သူတို့ရဲ့ အိမ်တွင်း၌သာ ကုသမှုတွေပေးနေရတဲ့ အခြေအနေမှာ ဇူလိုင်လ အစောပိုင်းမှစပြီး ပုဂ္ဂလိကဆေးရုံဆေးခန်းနဲ့ လူတစ်ဦးချင်းကို အောက်ဆီဂျင်ရောင်းချခွင့် ပိတ်တ်ပင်ထားတယ်လို့ KHRGက ထုတ်ပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကိုဗစ် ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို နှောက်ယှက်ကာ စစ်ရေးလှုပ်ရှားမှုတွေ

 

ပိုမိုလုပ်ဆောင်ဖို့ KNU ရဲ့ကိုဗစ် စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးကာ ဒေသတွင်းသွားလာရေးကန့်သတ်ချက်တွေကို ဆန့်ကျင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါတွေကြောင့် မြန်မာပြည်အတွင်းရှိ ဌာနေတိုင်း ရင်းသားတွေဟာ အ ကြပ်အတည်းများစွာ ရင်ဆိုင်နေရတာ ဖြစ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးရရှိ‌ရေးကို ကူညီထောက်ပံ့တာအပြင် ဌာနေတိုင်းရင်းသားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း အသိအမှတ်ပြုဖို့ KHRGက တိုက်တွန်းထားပါတယ်။