ပြည်တွင်းစစ်ဖြစ်လာနိုင်တယ်လို့ ကုလအထူးကိုယ်စားလှယ် သတိပေး

၂၅ ၊ မေလ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့် ပြည်တွင်းစစ်ဖြစ်မယ့် အလားအလာဆီ ဦးတည်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က မေလ ၂၄ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ဖို့ အရပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းလာကြပြီး ဆန္ဒပြသူတွေဟာလည်း ခံစစ်ကနေ ထိုးစစ်ပြန်ဆင်ဖို့ စတင်လှုပ်ရှားနေကြပြီလို့ Christine Schraner Burgener က မနေ့ကပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာပြည်သူတွေဟာ တိုက်ခိုက်ခံရမှုတွေကို တကယ့်ကို စိတ်ပျက်ကြောက်ရွံ့နေကြပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လိုအပ်နေပြီလို့ ပြောကြတယ် ဒါ့ကြောင့်ပြည်တွင်းစစ်ဖြစ်လာနိုင်ချေရှိတယ်လို့ သူက မှတ်ချက်ပြုခဲ့တာပါ။

ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးသူ ၈၂၀ကျော်ရှိလာပြီး ဖမ်းဆီးခံရသူ ၄,၃၀၀ ကျော်ရှိလာပြီလို့ မြန်မာနိုင်ငံအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကစုဆောင်းတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးသူ ၆သောင်းကျော်နဲ့ အိမ်နီးချင်း အိန္ဒိယနဲ့ ထိုင်းနိုင်ငံဆီ ထွက်ပြေးသူအရေအတွက် ၁၂,၀၀၀ ကျော်ရှိတယ်လို့လည်း Schraner Burgener ကပြောပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှု အကျိုးဆက်ဖြစ်တဲ့ စီးပွားရေးကျဆင်းမှုကြောင့် လာမယ့် ၆လအတွင်း မြန်မာနိုင်ငံက လူဦးရေ ၃ ဒဿမ ၄သန်းခန့်ဟာ အငတ်ဘေးဒုက္ခကြုံရနိုင်တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ခန့်မှန်းထားပါတယ်။

Ref – AP