၁၄ ၊ မေလ ၊ ၂၀၂၁ ။
ရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံက မိသားစုတွေအတွက် အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကို
ထောက်ပံ့ကူညီဖို့ ဂျပန်နိုင်ငံအစိုးရဆီက အမေရိကန်ဒေါ်လာ (၄) သန်း လှူဒါန်းမှုကို ဒီကနေ့ လက်ခံရရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ပြောပါတယ်။
ဂျပန်အစိုးရရဲ့ လှူဒါန်းပံ့ပိုးမှုနဲ့ WFP ဟာ ရန်ကုန်တိုင်းဒေသကြီးက လူဦးရေပေါင်း ၆၀၀,၀၀၀ ဝန်းကျင်ကို ကူညီထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။
ထောက်ပံ့ပေးမယ့် စားနပ်ရိက္ခာတွေကို ထိခိုက်လွယ်တဲ့ မိသားစုတွေလက်ထဲ တိုက်ရိုက်ပေးအပ်သွားမယ်လို့ သိရပါတယ်။
ဒါဟာ WFP ရဲ့ စီမံကိန်းသစ်အရ မြန်မာနိုင်ငံ မြို့ပြဒေသတွေက ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံး မြို့နယ်တွေမှာနေထိုင်သူ လူဦးရေ (၂) သန်း အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးမည့်အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။
စားနပ်ရိက္ခာ အထောက်အပံ့တွေကို မေလ (၁၃) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ စတင် ဖြန့်ဖြူးပေးနေပြီလို့လည်း သိရပါတယ်။
“မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုကိုဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့ WFP ရဲ့ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေကို ဂျပန်နိုင်ငံအစိုးရအနေနဲ့ အားပေးထောက်ခံပါတယ်။ WFP ရဲ့ ကနဦးဆောင်ရွက်မှုကြောင့် ဂျပန်ပြည်သူလူထုထံက အကူအညီဟာ မြန်မာ့မြို့ပြဆင်းရဲနွမ်းပါးတဲ့ဒေသတွေက အထိခိုက်လွယ်ဆုံး ဒေသခံပြည်သူတွေထံကို တိုက်ရိုက်ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေဟာ မြန်မာပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr Maruyama Ichiro က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နဂိုရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ COVID-19 ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေရဲ့ ဆင့်ကဲရိုက်ခတ်မှုကြောင့် လာမယ့်ခြောက်လအတွင်း လူဦးရေ (၃.၄) သန်း အဓိကအားဖြင့် မြို့ပြဒေသများ၌ နေထိုင်ကြသူတွေဟာ ဆာလောင်ငတ်မွတ်မှုကို ရင်ဆိုင်ကြရလိမ့်မယ်လို့ WFP က ခန့်မှန်းထားပါတယ်။
ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တွေမှာ ပဋိပက္ခဘေးကြောင့် နေရပ်စွန့်ခွာရသူတွေအတွက် WFP က ဆက်လက် ပေးအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေအတွက် ဂျပန်နိုင်ငံက အခုနှစ်အစောပိုင်း ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ (၄.၇) သန်း၊ မတ်လမှာ အမေရိကန်ဒေါ်လာ (၃) သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၇.၇) သန်း ပံ့ပိုးကူညီခဲ့ပါတယ်လို့ WFP ရဲ့ စာရင်းတွေအရ သိ
ရပါတယ်။
Ref – WFP