ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ အတင်းပြန်မပို့ဖို့ HRW တောင်းဆို

ဇူလိုင် ၂၉ ရက်နေ့မှာတော့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာအာဏာပိုင်တွေက သဘောတူထားတယ်လို့ ပြောခဲ့ပါတယ်။

၄ ၊ ဩဂုတ်

မလေးရှားအစိုးရအနေနဲ့ ဖိနှိပ်မှုတွေနဲ့ အခြားအခွင့်အရေး ချိုးဖောက်မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဆီ ရိုဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်ပို့မယ့် အစီအစဉ်တွေကို ပြန်ရုပ်သိမ်းသင့်တယ်လို့ Human Rights Watch က ဩဂုတ်လ ၃ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဇူလိုင် ၂၃ ရက်နေ့မှာ မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက လဝကထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ ကို မြန်မာနိုင်ငံ ပြန်ပို့မယ်လို့ ပါလီမန်ကို အသိပေးခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက်နေ့မှာတော့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာအာဏာပိုင်တွေက သဘောတူထားတယ်လို့ ပြောခဲ့ပါတယ်။

“မလေးရှားဟာ မြန်မာစစ်တပ်ရဲ့ မဆုံးနိုင်တဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ မြန်မာဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ လက်ခံထားခဲ့တာပါ” လို့ Human Rights Watch ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Bryony Lau က ပြောပါတယ်။ “မလေးရှားအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်မှုတွေရဲ့ ပစ်မှတ်ဖြစ်နေသူတွေကို အတင်းအဓမ္မ ပြန်ပို့တာထက် မြန်မာ့အရေး ဖြေရှင်းရာမှာ ဒေသတွင်း ခေါင်းဆောင်မှုပုံစံကို ပြသသင့်ပါတယ်။”

မလေးရှားမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၊ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ အရေအတွက် အတိအကျ အတည်ပြုချက်တော့ မရှိပါဘူး။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၀၀၀ ကျော်ရှိတဲ့အထဲမှာ ၁၉၄,၀၀၀ လောက်က မြန်မာနိုင်ငံကဖြစ်ပြီး ရိုဟင်ဂျာ ၁၂၆,၀၀၀ ပါဝင်ပါတယ်။

နှစ်ပေါင်းများစွာတိုင်အောင် UNHCR ဟာ မလေးရှားမှာ ခိုလှုံခွင့်တောင်းခံမှုတွေကို စိစစ်ပေးခဲ့ပြီး လက်ခံရရှိသူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကတ်တွေ ထုတ်ပေးခဲ့ပေမယ့် အဲဒီကတ်တွေဟာ တရားဝင် နေထိုင်ခွင့် ရရှိတာမျိုးတော့ မဟုတ်ပါဘူး။

မလေးရှားမှာ ဒုက္ခသည်အဖြစ် သတ်မှတ်ပေးဖို့ တရားဝင်ဥပဒေ အားနည်းနေတာ ကြာပြီဖြစ်ပြီး တရားမဝင် ဝင်ရောက်မှုနဲ့ နေထိုင်မှု အားလုံးကို ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ မလေးရှားအာဏာပိုင်တွေဟာ လဝကဥပဒေတွေကို တင်းတင်းကျပ်ကျပ် ကျင့်သုံးပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်တဲ့အခါ ဒုက္ခသည်၊ ခိုလှုံခွင့်တောင်းခံသူ၊ လူကုန်ကူးခံရသူနဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ဆိုပြီး သီးခြားခွဲခြားတာမျိုး မရှိပါဘူး။

၂၀၂၁ ဖေဖော်ဝါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မလေးရှားဟာ ထောင်နဲ့ချီတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို သူတို့ရဲ့ လျောက်ထားချက်တွေ ဒါမှမဟုတ် တခြားအကာအကွယ်ပေးဖို့ ပေးဖို့ လိုအပ်ချက်တွေကို မစိစစ်ပဲ မြန်မာနိုင်ငံဆီကို ချက်ချင်းပြန်ပို့ခဲ့ပါတယ်။

၂၀၂၄ မေလမှာတော့ UNHCR က မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေဟာ “နိုင်ငံတကာ ဒုက္ခသည် အကာအကွယ်ပေးမှုကို လိုအပ်တယ်” ဆိုတဲ့ လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆီ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ၊ သဘောဆန္ဒအလျောက် ပြန်နိုင်မယ့် အခြေအနေတွေဟာ လက်ရှိမှာ မရှိသေးဘူးလို့ Human Rights Watch က ပြောပါတယ်။ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပါတယ်။ စစ်ကောင်စီ အာဏာပိုင်တွေဟာ အာဏာသိမ်းပြီးကတည်းက လူပေါင်း သောင်းနဲ့ချီကို မတရား ဖမ်းဆီးခဲ့ပြီး ထောင်ပေါင်းများစွာဟာလည်း ထိန်းသိမ်းခံထားရစဉ်အတွင်း သေဆုံးခဲ့ရပါတယ်။

Ref – HRW