လေးမျက်နှာ ရေဘေးကူဖို့သွားတဲ့ ကားတစီး တိမ်းမှောက်၊ ၆ ဦးထက်မနည်း ဒဏ်ရာရ

လေးမျက်နှာ ရေဘေးကူဖို့သွားတဲ့ ကားတစီး တိမ်းမှောက်၊ ၆ ဦးထက်မနည်း ဒဏ်ရာရ
ကားပေါ်မှာ လူ ၁၆ ဦးပါလာကာ အဲဒီထဲက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး(အမျိုးသမီး တဦး စိုးရိမ်ရ)တို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ အဲဒီကားတိုက်မှုကို သွားကူညီခဲ့တဲ့ သက်တန့်ရောင် ပရဟိတ အသင်းက ထုတ်ပြန်ထားပါတယ်။

၄၊ ဩဂုတ်။
ဧရာဝတီတိုင်း ၊ လေးမြို့နယ်အတွင်းက ရေးဘေးသင့် ပြည်သူတွေကို ကူညီဖို့လာတဲ့ လူမှုကူညီရေး ကားတစီးဟာ လေးမျက်နှာမြို့နယ် ခမောက်စုနဲ့ ဟင်္သာတမြို့နယ် နိဗ္ဗာန်ရွာအကြားမှာ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာသူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
“ခမောက်စုနားမှာ ဒီနေ့မနက်က မှောက်တာ။ လူနာ ၆ ယောက် ရှိတယ်။ ဒဏ်ရာပြင်းတဲ့ သူတချို့လည်း ပါတယ်လို့ အဲဒီဘက်က လှမ်းပြောတယ်” လို့ လေးမျက်နှာမြို့ နယ်အတွင်း ရေဘေးကူညီပေးနေတဲ့ ကူညီရေးအဖွဲ့တခုမှာ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဟင်္သာတဒေသခံ လူမှုကူညီရေး လုပ်နေသူတဦးကလည်း အဲဒီကားတိမ်းမှောက်မှုကြောင့် အထိအခိုက်ရှိပြီး ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေကြတယ်လို့ ဆိုပါတယ်။
အဲဒီကားဟာ အိုင်ဇောက်ကျေးရွာအုပ်စု ကံကုန်းကျေးရွာကနေ အိုင်သပြုဘက် ရေဘေးသင့်ပြည်သူတွေကို ထမင်း နဲ့စားစရာတွေ လှူဒါန်းဖို့သွားတဲ့ကားဖြစ်ပြီး ကားပေါ်မှာ လူ ၁၆ ဦးပါလာကာ အဲဒီထဲက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး(အမျိုးသမီး တဦး စိုးရိမ်ရ)တို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ အဲဒီကားတိုက်မှုကို သွားကူညီခဲ့တဲ့ သက်တန့်ရောင် ပရဟိတ အသင်းက ထုတ်ပြန်ထားပါတယ်။
လေးမျက်နှာ မြို့တည့်တည့်က ငဝန်မြစ်တာဘောင် ကျိုးကျမှု နောက်ဆက်တွဲ အဖြစ် ရေဘေးသင့်နေတဲ့ လေးမျက်နှာမြို့နယ်ကို ရန်ကုန်၊ မန္တလေးအပါအဝင် အခြားဒေသတွေမှ လူမှုကူညီရေး အသင်းတွေက လာရောက် ကူညီနေကြတာပါ။
မနေ့က ဩဂုတ်လ ၃ ရက်နေ့ကလည်း လေးမျက်နှာနဲ့ ငသိုင်းချောင်းကားလမ်းမပေါ် အိုင်သပြုအနီး ကရင်လက် သမားရွာတံတား ရေစီးကြောင့် ကျိုးကျသွားခဲ့ပါတယ်။ လက်ရှိမှာ လေးမျက်နှာမြို့နယ်အပြင် ရေကြည်၊ ကျုံပျော် မြို့နယ်တွေထိ ရေတက်နေပြီဖြစ်ပြီး ကျေးရွာပေါင်း တရာကျော် ရေးဘေးသင့်နေပါတယ်။
လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုးကျမှုနောက်ဆက်တွဲ ရေကြီးနေတာဟာ ဒီနေ့နဲ့ဆိုရင် ငါးရက် မြောက်ရှိပြီဖြစ်ပေမယ့် ရေကျမလာသေးဘဲ ဆက်တိုးနေကာ ရက်တာရှည်နိုင်တယ်လို့ ကူညီနေသူတွေနဲ့ ဒေသခံ ​တွေက ပြောကြပါတယ်။
ရေးကြီးနေတဲ့ လေးမျက်နှာ၊ အိုင်သပြုကျေးရွာတဝိုက်တို့မှာ ဖုန်းလိုင်းအချို့နဲ့ လျှပ်စစ်မီးတို့ ပြတ်တောက် နေတာ ကြောင့် နေအိမ်တွေထဲ ပိတ်မိနေသူတွေအတွက် အကူအညီတောင်းဖို့ အခက်အခဲ ရှိနေကြတယ်လို့ ဆိုပါတယ်။ ရေကြီးမှုကြောင့် ပြည်သူသောင်းချီ ရေဘေးသင့်နေသလို စိုက်ပျိုးပြီးသား စပါးစိုက်ခင်း ဧကသောင်းချီဟာလည်း ရေလွှမ်းနေပါတယ်။
အခုတာကျိုးတာဟာ အာဏာသိမ်းစစ်တပ်နဲ့ စစ်အစိုးရရဲ့ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့်ဖြစ်ပြီး အာဏာ သိမ်းပြီးနောက်ပိုင်း အရင်တုန်းကလို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မရှိခဲ့ဘူးလို့ လေးမျက်နှာမြို့နယ် အိုင်သပြုဒေသ ခံသက်ကြီးပိုင်းအမျိုးသားတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ ရေကာတာကျိုးပေါက်မှုအနည်းဆုံး သုံးကြိမ် ကြုံတွေ့ခဲ့ရပြီး ဧရာ၀တီတိုင်းရဲ့ မြို့နယ် ထက်ဝက်နီးပါး နေအိမ်ရေနစ်မြုပ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေ သေကြေ၊ ပျက်စီးတာ၊ လယ်ယာမြေတွေ ရေကြီးနစ် မြုပ်တာတို့နဲ့ ကြုံခဲ့ရကာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး ရုံးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။
၁၉၇၄ ခုနှစ်မှာ ဟင်္သာတမြို့နယ် အိပ်ပျက်​ရေကာတာကျိုးပေါက်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ လေးမျက်နှာမြို့နယ် ထိန်ငူ ရေကာတာကျိုးပေါက်ကာ၊ ၁၉၉၇ ခုနှစ်မှာ ဟင်္သာတမြို့နယ် ကျွဲတဲကုန်းရေကာတာ ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။
ငဝန်မြစ်ရဲ့ရေကာတာဟာ မနေ့က ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်ကစပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့တို့က တာဘောင်ထပ်ပြီး နိမ့် ဆင်းတာမဖြစ်ရအောင် တုတ်ရိုက်တာ၊ သဲအိတ်စီတာတွေ လုပ်ခဲ့ကြပေမယ့် ထိန်းမနိုင်တော့ဘဲ ရေစိမ့်ပေါက်ပို ကျယ်ပြီး တာကျိုးတဲ့ အနေအထားထိ ရောက်သွားခဲ့ရတာပါ။
အခုအခါမှာတော့ ကျိုးသွားတဲ့တာတမံအပေါက်ဟာ ပေ ၂၀၀ ကျော်လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။
အခုလိုတာတမံကျိုးကျပြီး ရေကြီးမှုဖြစ်စဉ်ဟာ စစ်အစိုးရသစ်ရဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ “ရေကာတာတွေ မကျိုးပေါက်စေရေး တာတမံတွေ ကြံ့ခိုင်ကောင်းမွန်စေဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆို” အတည်ပြုပြီး တလကျော်အကြာမှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ လေးမျက်နှာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က တင်သွင်းခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့လွှတ်တော်အစည်းအ ဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကာ အတည်ပြုခဲ့တာပါ။
အဆိုအတည်ပြုပြီးနောက် တိုင်းအစိုးရအဖွဲ့ဟာ ရေကာတာအချို့ကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး ကွင်းဆင်း စစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ရေကာတာတွေ ကြံ့ခိုင်ရေးအတွက် လုပ်ဆောင်တာတွေတော့ မတွေ့ခဲ့ရ ဘူးလို့ ဒေသခံတွေက ပြောထားကြပါတယ်။