ကုန်းတွင်းငလျင်လှုပ်ခတ်ခဲ့တာဖြစ်လို့ ဆူနာမီစိုးရိမ်ဖို့ မလိုလို့ ပညာရှင်တွေပြော

မတ်၂၈

လက်ရှိလှုပ်ခတ်ခဲတဲ့ အင်အားပြင်းငလျင်ကြောင့် ဆူနာမီ ဖြစ်လာဖို့မရှိဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။မြန်မာနိုင်ငံအနှံ့မှာ ဒီကနေ့ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ကြောင့် ဧရာဝတီတိုင်း အပါအဝင် ပင်လယ်နဲ့ အနီးတဝိုက်မှာ နေထိုင်ကြတွေက ဆူနာမီ အန္တရာယ်ကို စိုးရိမ်နေကြတာပါ။

ဒါနဲ့ပတ်သက်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဖြစ်ပြီး ငလျင်နဲ့ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်တွေကို ဆက်တိုက် သတင်းထုတ်ပေးနေတဲ့ ဦးဝင်းနိုင်က ဆူနာမီ ဖြစ်လာဖို့ မရှိဘူးလို့ DNA ကိုဖြေကြားပါတယ်။

“ခုငလျင်က ကုန်းတွင်မှာဖြစ်တာမို့ ဆူနာမီဖြစ်စရာ မရှိပါဘူး အခု နောက်ဆက်တွဲငလျင်ငယ်တွေရဲ့ ပြင်းအားလဲ လျော့သွားပါပြီ”လို့ သူက ဆိုပါတယ်။

အမည်ဖော်ပြလို့မရတဲ့ ဘူမိဗေဒပညာရှင် နှစ်ဦးကိုလည်း DNAကဆက်သွယ်မေးမြန်းခဲ့တာမှာလည်း လက်ရှိငလျင်ကြောင် ဆူနာမီဖြစ်လာဖို့ မရှိကြောင်းနဲ့ ငလျင်နောက်ဆက်တွဲ အန္တရာယ်တွေကိုတော့ သတိထားကြဖို့လိုတယ်လို့ ဖြေကြားပေးခဲ့ကြပါတယ်။

ဒါပေမယ့် လက်ရှိဖြစ်ပေါ်ခဲ့တဲ့ငလျင်အရှိန်ကို ဧရာဝတီတိုင်းတခုလုံး ခံစားခဲ့ရတာကြောင့် ဆူနာမီအရှိန်ကို ခံစားခဲ့ကြဖူးတဲ့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက် က အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်း အနောက်ဘက်ကို ဗဟိုပြုပြီး ပြင်းအား ၉ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့လို့အိန္ဒိယသမုဒ္ဒရာအတွင်းဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဆူနာမီရေလှိုင်းဒဏ်ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံမှာလည်း လူဦးရေ ၆၀လောက် သေဆုံးခဲ့တယ်လို့ ငလျင်တိုင်းတာရေးအဖွဲ့တွေက ထုတ်ပြန်ခဲ့ပါတယ်။