မတ်လ ၊ ၂၈
ဧရာဝတီတိုင်း ဟင်္သတခရိုင်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာနိုင်တာကြောင့် ပုသိမ် – မုံရွာကား လမ်းဘေးက ကျေးရွာနေ ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေကို စဉ်ဆက်မပျက် စောင့်ကြည့်နေ သင့်တယ်လို့ အင်္ဂပူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံ ရဲဘော်ရဲထက်က တိုက်တွန်းခဲ့ပါတယ်။
“အဓိကကတော့ လေကြောင်းရန်ပဲ။ အကြောင်းကြောင်းကြောင့် စစ်ဘေးမရှောင်နိုင်သေးရင်လည်း ကတုတ်ကျင်းလိုမျိုး အကာအကွယ်တွေလုပ်ထားသင့်ပါပြီ” လို့ သူကပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွား လာတဲ့အခါမှာ စစ်ကောင်စီဘက်က သေချာပေါက် လေကြောင်း တိုက်ခိုက်မှုတွေကို လုပ်ဆောင်မှာဖြစ် တယ်လို့လည်း သူကပြောပါတယ်။
“လမ်းပိုင်းအလိုက် ပိတ်ဆို့တားဆီးမှုများလည်းရှိလာနိုင်ပါတယ်။ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေ ပေါ်မှုတည်ပြီး ရှောင်သင့်က ရှောင်ရန်လိုအပ်ပါတယ်။ ရှောင်တဲ့အခါမှာလည်း ပုသိမ် – မုံရွာလမ်းကို အသုံး မပြုဘဲ အခြားလမ်းတွေကို ရွေးချယ်စေချင်ပါတယ်”လို့ ရဲဘော်ရဲထက်က ပြောပါတယ်။
အာရက္ခတပ်တော် AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေဟာ ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ ကွင်း ကောက်မြို့အနီးမှာ မတ်လ ၂၇ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒေသခံတွေအဆိုအရ လေး မျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ်က ကျေးရွာတွေမှာ ခုခံတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်က ကွင်းကောက်မြို့ဘက်ကို ဆုတ်ခွာပြီး ခံစစ်ပြင်နေတယ်လို့ သိရပါတယ်။
အချိန် ၃လနီးပါးတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု အကြိမ် ၅၀ ကျော်ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရှိရပါတယ်။
ဧရာဝတီတိုင်း အခြေစိုက်တပ်ဖွဲ့ တခုဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) ကလည်း ဒီရက်ပိုင်းအတွင်းမှာ ပြည်သူလူထုအနေနဲ့ လေကြောင်းရန် ၊ လက်နက်ကြီး ရန်ကို ကာကွယ်ဖို့ တင်တင်ကာကွယ်မှုတွေ လုပ်ဆောင်ထားသင့်တယ်တယ်လို့ အကြံပြုထားပါတယ်။
မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ PLF ရဲ့ တိုက်တွန်းနှိုးဆော်စာမှာ အကြံပြုချက် ၁၁ ချက်ပါဝင်ပြီး အဓိက အချက်အနေနဲ့ကတော့ ဧရာဝတီတိုင်းက ပြည်သူတွေ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေကို ခိုင်ခိုင်မာမာ တူးထားကြဖို့ပဲ ဖြစ်ပါတယ်။
ငသိုင်းချောင်းမြို့ပေါ်မှာဆိုရင် စစ်ကေ,င်စီတပ်ရဲ့ ရဲစခန်းက ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးထားပေမယ့်လည်း အရပ်သားပြည်သူတွေ ဗုံးခိုကျင်းတူးတာကိုတော့ ခွင့်မပြုပေးတာကြောင့် ပြည်သူတွေဟာ ဗုံးခိုကျင်းကို လျှို့ဝှက်တူးနေရတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်ထဲက လက်သမားကျေးရွာမှာဆိုရင် ပြည်သူလူထုက ဗုံးခိုကျင်းတူးဖို့ကြိုးစားခဲ့ပေ မယ့်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက တူးခွင့်မပြုခဲ့ဘူးလို့လည်း ကျေးရွာဒေသခံက ပြောပါတယ်။ မတ်လ ၂၆ ရက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ ရေကြည်မြို့နယ် ၊ လက်ပံပင်ကျေးရွာအနီးကို Mi 35 လေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီဒေသမှာ စစ်ဘေးမရှောင်နိုင်တဲ့ ပြည်သူလူထုတွေ ရှိနေနိုင်သေးတယ်လို့ ရေကြည်မြို့နယ် ၊ ကုန်းပြင် ကျေးရွာအုပ်စုမှာနေထိုင်သူတစ်ဦးကပြောပါတယ်။ ဒါပေမယ့် လက်ပံပင်ကျေးရွာအနီးက အရပ်သား ပြည်သူတွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။