Photo – စားသုံးသူရေးရာဦးစီးဌာန
ဖေဖော်ဝါရီ၊ ၂၄
ဧရာဝတီတိုင်းက ပဲစိုက်တောင်သူတွေဟာ အချိန်အခါမဟုတ် မိုးရွာသွန်းမှာကို စိုးရိမ်တာကြောင့် နှုတ်သိမ်းမယ့် ပဲခင်းတွေကို လုပ်အားခပိုပေးပြီး အမြန်သိမ်းဆည်းနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အခုပဲနှုတ်နေတာ။ မိုးရိပ်မြင်နေတော့ လုပ်သားတွေကို နေ့စားခပိုပေးပြီး အမြန်လုပ်နေရတယ်”လို့ ဟင်္သာတမြို့နယ် တောင်သူတဦးကပြောပါတယ်။
ပုံမှန်အရ ပဲနှုတ်လုပ်သား အမျိုးသမီးတဦးကို နေ့စားခ ကျပ် ၁ သောင်း၂ ထောင် ပေးရပါတယ်။
လက်ရှိအချိန်မှာ ပဲကိုမိုးမိမှာကြောက်တာကြောင့် နေ့စားလုပ်သားအဖြစ် ကလေးတွေကိုပါခေါ်ပြီး တယောက်ကို နေ့စားခ ကျပ် ၁ သောင်း ၄ ထောင်အထိ ပေးနေရတယ်လို့ သူကဆက်ပြောပါတယ်။
ကျိုက်လက်မြို့နယ်က တောင်သူတစ်ဦးကလည်း ပဲစိုက်ခင်းနှုတ်သိမ်းချင်နေပေမယ့် လုပ်သားမရသေးကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ပြောပါတယ်။
“မိုးကအုံ့နေတာ နှုတ်နေရင်းမိုးမိရင် ပိုဆိုးမှာ။ လုပ်သားကလည်းမရဘူး။ နှုတ်ရင်ကောင်းမလား။ မနှုတ်သေးဘဲ ရက်စောင့်ရင် ကောင်းမလားစဉ်းစားနေတာ” လို့ သူက ဆက်ပြောပါတယ်။
ဒါအပြင်လက်ရှိအချိန်မှာ ကျိုက်လက်မြို့နယ်နဲ့ မအူပင်မြို့နယ်ထဲမှာ စပါးခင်းအချို့စတင်ရိတ်သိမ်းနေပေမယ့် အများစုကတော့ မတ်လထဲမှာ ရိတ်သိမ်းကြမှာဖြစ်ပါတယ်။
“စပါးက ရေတောထဲတောင်ရိတ်လာတာ အကြောင်းမရှိဘူး။ ပဲက မိုးရိပ်မြင်တာနဲ့ကို ရင်လေးနေရတယ်”လို့ ကျိုက်လက်မြို့နယ်ထဲက ပဲစိုက်တောင်သူက ပြောပါတယ်။
အခုနှစ်ပဲစိုက်ခင်းတွေဟာ အရင်နှစ်က ပဲစိုက်ခင်းတွေထက် အထွက်နှုန်းအနည်းငယ်ပိုတယ်လို့ တောင်သူတွေက ပြောပေမယ့်လည်း ပဲစျေးနှုန်းကတော့ အရင်နှစ်ထက်ကို နည်းနေပါတယ်။
“အရင်နှစ်က မတ်ပဲစျေးက ၁ တင်း ၁သိန်း ၂ သောင်းကျော်အထိရှိတာ။ အခု ၉ သောင်းစျေးတောင် အနိုင်နိုင်ပဲ” လို့ဟင်္သာတမြို့နယ်က တောင်သူက ပြောပါတယ်။
ဖေဖော်ဝါရီလထဲမှာ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ရေကြည်မြို့နယ်ထဲမှာတော့ ပဲခင်းတွေကို အမြန်နှုတ် အမြန်ရောင်းနေကြတယ်လို့ ဒေသခံကပြောပါတယ်။
“တော်တော်များများပဲနှုတ်ပြီးပြီ။ အမြန်နှုတ်ကြရတာ။ စျေးကလည်းမတူညီဘူး။ ရတဲ့စျေးနဲ့ အမြန်ရောင်းပြီး စစ်ဘေးရှောင်ဖို့ အခြေအနေကြည့်နေကြတာ”လို့ သူကဆက်ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်ကစတင်ပြီး ရန်ကုန်တိုင်းရဲ့ မြို့နယ်အချို့မှာ မိုးစတင်ရွာသွန်းခဲ့ပေမယ့်လည်း ဧရာဝတီတိုင်းမှာတော့ ဖေဖော်ဝါရီလ ၂၄ ရက်အထိ မိုးမရွာသေးဘဲ မိုးအုံ့ဆိုင်းနေဆဲသာဖြစ်တယ်လို့ ကျိုက်လက် ၊ဟင်္သာတ၊ မအူပင်နဲ့ ရေကြည်နဲ့ မြောင်းမြမြို့နယ်က ဒေသခံတွေက ပြောပါတယ်။
“အခုထိတော့မရွာသေးဘူး၊ အုံ့နေတုန်း၊ ရွာမှာကိုကြောက်နေရတာ၊ စိုက်ခင်းတွေအနည်းအများတော့ပျက်မှာလေ” လို့မြောင်းမြမြို့နယ်က လယ်သမားတဦးကဆိုပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ပိုင်းမှာ ဧရာဝတီတိုင်းအတွင်းမှာ မိုးရွာသွန်းမယ်လို့လည်း မိုးလေဝသ စောင့်ကြည့်လေ့လာနေကြသူတွေက ခန့်မှန်းထားကြတာဖြစ်ပါတယ်။
မိုးလေဝသ စောင့်ကြည့်လေ့လာသူ မစုစုစံ ကတော့ ဖေဖော်ဝါရီ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဧရာဝတီတိုင်းတခုလုံးနီးပါးနဲ့ ပဲခူး၊ သနပ်ပင်၊ ကဝ၊ အုန်းနှဲ၊ သက္ကလ၊ ပိန်းကန်၊ ခရမ်း၊ သုံးခွ၊ တံတားမြို့ ၊ သံလျှင်၊ ဒလ၊ ရန်ကုန်၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်း၊ သာရဝေါ၊ တွံတေး၊ ကွန်းခြံကုန်း၊ ကော့မှူးစတဲ့မြို့နယ်တွေမှာ မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးများမယ် နည်းမယ် ဆိုတာထက် မိုးရွာသွန်းဖို့ရှိနေတာကြောင့် ဒီဒေသတွေမှာရှိနေတဲ့ တောင်သူလယ်သမားတွေနဲ့ မိုးကြောင့် ပျက်ဆီးဆုံးရှုံးမှုများနိုင်လို့ သတိထားကြဖို့လည်း မိုးလေဝသလေ့လာသူတွေက တိုက်တွန်းထားကြပါတယ်။
လက်ရှိကာလမှာ ဧရာဝတီဒေသအပါအဝင် လယ်သမားတွေက နွေစပါးစိုက်ပျိုးနေကြတာပါ။ အခုလိုအချိန်အခါမဟုတ်မိုးရွားသွန်းရင်တော့ အနည်းနဲ့အများထိခိုက်မှာအမှန်ပဲလို့လည်း မြောင်းမြမြို့နယ်က လယ်သမားတဦးကပြောပါတယ်။
“အခုကမိုးမလိုသေးဘူးဆိုတော့ ရွာမယ်ဆိုရင်စပါးတွေပျက်ဆီးမယ်လေ၊တချို့စပါးမှဲ့နေတယ်သူတွေဆိုရင် ရိတ်သိမ်းချိန်ကျရင်အပင်တွေလဲကွဲပြီးပျက်ဆီးဆုံးရှုံးတာများတယ်” သူကပြောပါတယ်။
လက်ရှိကာလမှာ ဧရာဝတီတိုင်း ပုသိမ်၊သာပေါင်း၊ရေကြည်စတဲ့ဒေသတွေမှာတိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသအတွင်း အခြေအနေအမျိုးမျိုးကြောင့် စိုက်ပျိုးရေးလုပ်သားတွေရှားပါးနေတာလည်းဖြစ်ပါတယ်။