ကြံခင်းထိတွေ့တိုက်ပွဲ ရိုးမဧရာအဖွဲ့က လက်နက်အများအပြားဆုံးရှုံး

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ထဲက မျှင်ဝါးတောင် ဧရိယာအတွင်းမှာ မနေ့ညက စပြီး အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးခဲ့တဲ့အတွက် ရိုးမဧရာ အဖွဲ့နဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ပစ္စည်းအများအပြားဆုံးရှုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
“ကျွန်တော်တို့ အဲဒီဘက်ကမှာ ထုတ်တဲ့ တထောင့်ထိုး ၉လုံးကျည် ၂၃ လက်၊ တူမီး ၄၅ လက်၊ 40 ၁၄ ပါသွားတယ်။ ပြီးတော့ မီးစက်တွေ ၊ တွင်ကုန်တွေ ပါသွားတယ်”လို့ ပြောပါတယ်။
ဒီဖြစ်စဉ်ကို ရိုးမဧရာအဖွဲ့က Ayeyarwaddy Revolution Force လူမှုကွန်ယက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပြီး အကြမ်းဖက်စစ်တပ်ဖက်က ၁၂ ယောက်သေတယ်လို့လည်း ဖေါ်ပြထားပါတယ်။DNA အနေနဲ့ စစ်ကောင်စီဘက်က အသေအဆုံးစာရင်းကို အတည်ပြုနိုင်ဖို့ ကြိုးစားနေပြီး၊ သေဆုံးသူတွေကို ကြံခင်းဆေးရုံကိုတော့ ပို့လာတာ မရှိသေးဘူးလို့ သိရပါတယ်။
တော်လှန်ရေးအဖွဲ့ဝင်ကတော့ “ ၁၂ ယောက်သေတယ်လို့ ဖရဲသီးက သတင်းပေးလာတာ” လို့ DNA ကို ပြောပါတယ်။
ရိုးမဧရာအဖွဲ့ကတော့ လက်နက်၊ ပစ္စည်းတွေ ဆုံးရှုံးခဲ့ပေမယ့် အဖွဲ့ဝင်တွေ ဘက်မှာအထိအခိုက် အကျအဆုံးမရှိပဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။