စက်သုံးဆီဈေးကြောင့် ဧရာဝတီတိုင်းမှာ စပါးရိတ်ခြွေစက် ငှားရမ်းခ သုံးဆလောက်မြင့်တက်

ဖေဖော်ဝါရီ၊ ၁၁
 
ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ဧရာဝတီတိုင်း အတွင်းမှာ စပါးရိတ်ခြွေစက် ငှားရမ်းခ ဈေးနှုန်းတွေ အရင်နှစ်ထက် သုံးဆနီးပါး မြင့်တက်လာတယ်လို့ ဒေသခံ တောင်သူ တွေဆီက သိရပါတယ်။
 
စပါးရိတ်ခြွေစက် ငှားရမ်းခဟာ ပြီးခဲ့တဲ့နှစ်က မိုးစပါးရိတ်သိမ်းချိန်မှာ တဧကကို ကျပ် ၄၀၀၀၀ ရှိခဲ့ရာက အခုနှစ်မှာတော့ တဧကကို ကျပ်တသိန်းနှစ်သောင်းကျော်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
 
အခုလို စပါးရိတ်ခြွေစက် ငှားရမ်းခ မြင့်တက်လာတာဟာ စပါးရိတ်ခြွေစက် လည်ပတ် အသုံးပြုရာမှာ လိုအပ်တဲ့ ဒီဇယ် စက်သုံးဆီ အလုံအလောက် ဝယ်မရတာတွေကြောင့် ဖြစ်တယ်လို့ စပါးရိတ် ခြွေစက် ငှားရမ်းတဲ့ လုပ်ငန်း ရှင်တွေက DNA ကိုပြောပါတယ်။
 
“ဒီဇယ် နဲ့ ဓါတ်ဆီက လိုသလောက်မရဘူး၊ မှောင်ခိုဈေးပေးဝယ်ရတော့ ဈေးနှုန်းက ပါမစ်ရ ပန့်ဆိုင်ကြီးတွေရဲ့ ထုတ်ဈေးထက် ဈေးပိုပေးရတယ်၊ အဲဒီတော့ ငှားရမ်းခက ဈေးတက်ရတော့တယ်” လို့ စပါးရိတ်ခြွေစက် ငှားရမ်းတဲ့ လုပ်ငန်းရှင်တဦးက ရှင်းပြပါတယ်။
 
ဒါပေမယ့် တခြား ကုန်ဈေးနှုန်းတွေလည်း တက်နေတာကြောင့် အမြတ်အစွန်း သိပ်မရှိဘဲ လုပ်သားခ စရိတ်ရရှိရေး၊ လုပ်ငန်းမပျက်ရေးနဲ့ ဝမ်းရေးတို့အတွက် မဖြစ်မနေ ဆက်လက် လုပ်ကိုင်နေရတယ်လို့ စပါးရိတ်ခြွေစက် ငှားရမ်းတဲ့ လုပ်ငန်းရှင်က ဆက်ပြောပါတယ်။
 
လက်ရှိ အခြေအနေမှာ စစ်ကောင်စီ သတ်မှတ်ဈေးနှုန်း တွေဖြစ်တဲ့ ဒီဇယ်ဆီက တဂါလံ ၉၀၀၀ ကျပ် ကနေ ၁၀၂၀၀ ကျပ်အထိ မြင့်တက်လာပြီး ပြင်ပမှောင်ခို ပေါက်ဈေး တဂါလံ ၁၄၀၀၀ ကျပ် ဖြစ်ကာ 92 ဓါတ်ဆီ ကတော့ စစ်ကောင်စီ သတ်မှတ်ရောင်းဈေး တဂါလံ ၁၀၀၀၀ ကျပ်ကနေ ၁၁၄၀၀ ကျပ် အထိ ဈေးမြင့်တက်လာပြီး ပြင်ပမှောင်ခို ပေါက်ဈေးက တဂါလံ ၁၆၀၀၀ ကျပ်ဖြစ်ပါတယ်။
 
ဧရာဝတီတိုင်းအတွင်းက တောင်သူအများစုဟာ လယ်ယာလုပ်ငန်းမှာ စက်ကရိယာတွေနဲ့ လုပ်ကိုင်နေကြတာဖြစ်ပြီး လိုအပ်တဲ့ စက်သုံးဆီ ဒီဇယ် နဲ့ ဓါတ်ဆီ အလုံအလောက် ဝယ်ယူလို့ မရတာ လုပ်ငန်းခွင်သုံးအတွက် သယ်ယူသိုလှောင်ခွင့် မရတာတွေကြောင့် အခက်အခဲတွေနဲ့ တွေ့ကြုံနေရတယ်လို့ တောင်သူတွေက ဆိုပါတယ်။
 
“ခုအချိန်က ရေကျနောက်စိုက်စပါးတွေ စရိတ်နေကြပြီ ဆောင်းသီးနှံ နွေစပါးကလည်း ရိတ်သိမ်းချိန်ကနီးလာတော့ အောင်ရေ အဆက်မပြတ်ဖို့လိုတယ်၊ မဖြစ်မနေ စက်တွေငှားရတယ်၊ အဖမ်းအဆီးတွေကြားက ပေးကမ်းလာဘ်ထိုးပြီး မှောင်ခိုစက်သုံးဆီတွေ အကြွေးနဲ့ ဝယ်သုံးရတယ်” လို့ ကန်ကြီးထောင့်မြို့နယ်က တောင်သူ ဦးလှဝင်းက ပြောပါတယ်။
 
ဧရာဝတီတိုင်း အတွင်းက မြို့တိုင်းမှာ ပါမစ်ရ ဆီပန့်ဆိုင် တွေရှိပေမယ့် သီလဝါခွဲတန်းက ဧရာဝတီတိုင်းအတွက် ဦးစားပေးအနေနဲ့ မရရှိတဲ့အတွက် ဒေသတွင်းက စက်သုံးဆီ လိုအပ်ချက်ကို အပြည့်အဝ ဖြန့်ဖြူးရောင်းချနိုင်ခြင်း မရှိဘူးလို့ စက်သုံးဆီ ရောင်းဝယ်သူတွေက ပြောကြပါတယ်။
 
ဧရာဝတီတိုင်းရဲ့ တိုင်းမြို့ ဖြစ်တဲ့ ပုသိမ်မြို့မှာ စစ်ကောင်စီရဲ့ သတ်မှတ်ဈေးနှုန်းတွေနဲ့ ရောင်းချဖြန့်ဖြူးပေးတဲ့ ပါမစ်ရ ဆီပန့် ဆိုင် ၁၇ ဆိုင် ရှိပေမယ့် တစ်ရက် ကို ဆိုင် ၆ ဆိုင် ဝန်းကျင်သာ ကန့်သတ် ဂါလံ အရေအတွက်နဲ့ အလှည့်ကျ ဖြန့်ဖြူး ရောင်းချပေးနိုင်တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Google