ဇန်နဝါရီ၊ ၁၄
ဧရာဝတီတိုင်း ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ (၃၄၄)အနီးမှာရှိတဲ့ ငါးသိုင်းချောင်း-ဂွလမ်းခွဲမှာ စစ်ကောင်စီက လက်နက်ကြီးတွေပါအထိုင်ချတပ်စွဲနေပြီး လက်နက်တွေနဲ့ သွား လာနေတာကြောင့် ဒေသခံ တွေကြား စိုးရိမ်မှုမြင့်တက်နေပါတယ်။
ငါးသိုင်းချောင်း-ဂွလမ်းဆုံ နားမှာရှိတဲ့ ရေကြည်မြို့နယ်၊ ကျောက်ချောင်းကျေးရွာက သစ်စက်ထုတ်လုပ်ရေးဝန်း ထဲမှာ စစ်ကောာင်စီက လက်နက်ကြီး တွေပါ အထိုင်ချကာ တပ်စွဲထားတာ တပတ်ဝန်းကျင်လောက်ရှိနေပြီလို့ ဒေသခံတွေက DNAကိုပြောပါတယ်။
စစ်ကောင်စီတပ် အထိုင်ချထားတဲ့နေရာဟာ ကျေးရွာမူလတန်းလွန်ကျောင်းနဲ့ နီးကပ်နေသလို နေ့ရော ညပါကင်း လှည့်တာ၊ စစ်ဆေးရေးတင်းကြပ်တာတွေအပြင် လက်နက်ငယ်စမ်းသပ်ပစ်ဖောက်တာတွေလည်းရှိတာကြောင့် ကျောင်းသားမိဘတွေအပါအဝင် ဒေသခံတွေစိုးရိမ်မှုမြင့်တက်နေကြတာလို့ ရေကြည်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ DNA ရဲ့ သတင်းရင်းမြစ်က ပြောပြပါတယ်။
“ကလေးတွေကို အခုဆိုရင် စနေနေ့တွေပါ ကျောင်းတက်ခိုင်းတယ်။ ကျောင်းအုပ်က ဘာမှမဖြစ်ဘူးပြောပေမယ့်လည်း သေနတ်ကြီးတွေနဲ့လျှောက်သွားနေတော့ ကလေးတွေကို စိုးရိမ်တယ် ” လို့ ကျောက်ချောင်းရွာ ဒေသခံ တဦးကလည်း ပြောပါတယ်။
စစ်ကောင်စီတပ်အထိုင်ချထားတဲ့နေရာဟာ ရေကြည်မြို့နယ်၊ မြောက်စမ်းရွာမှာရှိတဲ့ အမြှောက်တပ်ရင်း အမတ (၃၄၄) နဲ့ ငါးသိုင်းချောင်းမြို့ကြားမှာရှိနေပြီး အမတ (၃၄၄)ကနေ ၅ မိုင်လောက်သာကွာဝေးပါတယ်။
ပုသိမ်ကနေလာတဲ့ အဝေးပြေးလမ်းမကြီးဟာ ဒီနေရာကနေ ပုသိမ်-မုံရွာ လမ်းအတိုင်း မုံရွာမြို့ဘက်ဆက် သွားနိုင် သလို ငါးသိုင်းချောင်း-ဂွလမ်းအတိုင်း ဂွမြို့ဘက်ကိုလည်းသွားနိုင်တဲ့ လမ်းဆုံတခုဖြစ်ပါတယ်။
မြို့တော် စစ်တွေ၊ကျောက်ဖြူူနဲ့ မန်အောင်မြို့တွေကလွဲလို့ ရခိုင်ပြည်နယ် တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ် ထားပြီဖြစ်တဲ့ အာရက္ခတပ်တော် AA က ဂွမြို့နယ်တခုလုံးကို အပြီးသတ်သိမ်းပိုက်ခဲ့တဲ့နောက် ဂွမြို့ဘက်ကနေ ဧရာဝတီတိုင်းဘက်ကို ဝင်ရောက်နိုင်တဲ့ အဲ့ဒီလမ်းဆုံနေရာမှာ စစ်ကောင်စီတပ်က လာရောက်အထိုင် ချခဲ့တာပါ။
လက်ရှိစစ်ကောင်စီတပ် တပ်စွဲအထိုင်ချထားတဲ့ သစ်စက်ဝန်းထဲမှာ ဝန်ထမ်းတွေနေထိုင်ခဲ့ကြပေမဲ့ စစ်တပ်အထိုင်ချချိန်မှာ ဝန်ထမ်းတွေကို နှင်ထုတ်ခဲ့ပြီး ပြန်လည်နေရာချထားပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် လာရောက်အထိုင်ချပြီးချိန်မှာ ကျောက်ချောင်းရွာအပါအဝင် အနီးတဝိုက်ကျေးရွာတွေကဒေသခံတွေကို ကတုတ်ကျင်းမတူးဖို့၊နေရပ်စွန့်ခွာ တိမ်းရှောင်တာမလုပ်ဖို့ တားမြစ်ပိတ်ပင်တာတွေ လည်းရှိခဲ့ပါတယ်။