စစ်တပ်ဖမ်းသွားတဲ့ ငပုတောမြို့နယ် ဒီချုပ်အလုပ်အမှုဆောင်တဦး စစ်ကြောရေးမှာသေဆုံး

မေ ၊ ၉
တော်လှန်ရေးအင်အားစုတွေကို ထောက်ပို့နေသူဆိုပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီးသွားတဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဒီချုပ်ပါတီအလုပ်အမှုဆောင် ဦးသန်းထွန်းဟာ ရက်ပိုင်းအတွင်း စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ သေဆုံးသူနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။
 
“ဖမ်းသွားပြီးတော့ စစ်ကြောရေးမှာ စစ်တယ်၊ဆေးတယ်ဆိုတော့ ကိုယ်တွေလည်းသတင်းနားထောင်နေတာ၊ ငပုတော ဘယ်တော့ရွှေ့မလဲ၊ဘယ်သူ့ခေါ်မလဲနဲ့ စောင့်ကြည့်နားထောင်နေတာ၊ ဒီမနက်ကိုးနာရီကျော်မှာ ဆုံးပြီဆိုတဲ့ သတင်းကြားရတာ”လို့ သေဆုံးသူ ဦးသန်းထွန်းနဲ့ နီးစပ်သူတဦးကပြောပါတယ်။
 
သေဆုံးသွားတဲ့ ဦးသန်းထွန်းကိုစစ်ကောင်စီတပ်က ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ မရမ်းကွင်းရွာမှာရှိတဲ့နေ အိမ်ကနေ မေလ ၅ရက်က ဖမ်းဆီးသွားတာဖြစ်ပြီး ဟိုင်းကြီးကျွန်းက ရေတပ်စခန်းအတွင်း ချုပ်နှောင်ကာ စစ်ကြောရေးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
 
“PDF တွေကို ထောက်ပို့တယ်ဘာညာဆိုပြီးတော့ စစ်တာလို့ကြားတယ်။ တကယ်ထောက်မထောက်တော့ ကျွန်မ တို့လည်းမသိဘူး”လို့ အထက်ပါ နီးစပ်သူကပြောပါတယ်။
 
ဦးသန်းထွန်းရဲ့ ရုပ်အလောင်းကို စစ်တပ်က ဟိုင်းကြီးကျွန်းမြို့အနီးမှာရှိတဲ့ ကျောက်ချောင်းတိုက်နယ်ဆေးရုံကို ပို့ထားပြီး ဖမ်းဆီးခံထားရစဉ်အချိန်အတွင်း ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေသွားတယ်ဆိုပြီး ဒေသခံတွေ ကြား သတင်းဖြန့်နေတယ်လို့လည်း သူကပြောပါတယ်။
 
“သူကမိသားစုကလည်းမရှိဘူး၊ အခုလောလောဆယ်ကျွန်တော်တို့သိရသလောက်က ကျောက်ချောင်းတိုက်နယ်ဆေးရုံမှာ အလောင်းလာကြည့်ခိုင်းတယ်လို့ပြောတယ်”လို့ NLD ပါတီ ဧရာဝတီတိုင်း အလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
 
အဲ့ဒီသေဆုံးမှုနဲ့ပတ်သက်လို့ DNA အနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဦးသန်းထွန်းဟာ စစ်တပ်ကနေ တပ်ကြပ်ကြီးအဆင့်နဲ့ ဒဏ်ရာကြောင့် အငြိမ်းစားယူခဲ့သူတဦးဖြစ်ကာ NLD ပါတီထောက်ခံဝန်းရံခဲ့ပြီး ၂၀၁၅နဲ့ ၂၀၂၀ ကြားကာလတွေအတွင်း မြို့နယ် ပါတီအလုပ်အမှုဆောင်တဦးအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
 
“သူကလူပျိုကြီး အနေအေးတယ် လူမှန်တယောက်ပဲ၊ ဘာမှနာမည်ပျက်မရှိဘူး။ စစ်ဘက်ကထွက်လာတဲ့ လူတွေ ရဲ့ စရိုက်အတိုင်းတော့ရှိတယ်၊စည်းကမ်းတကျ စာအုပ်ကြီးပုံစံတကျပေါ့ လူကောင်းတယောက်ပါ”လို့ လည်းအ ထက်ပါနီးစပ်သူက ပြောပြပါတယ်။ သေဆုံးသူဟာ အရင်က မိခင်ဖြစ်သူနဲ့အတူနေထိုင်ပေမယ့် မိခင်ကွယ်လွန်သွားတဲ့နောက် တဦးတည်းနေထိုင်သူ ဖြစ်တယ်လို့လည်းသိရပါတယ်။
 
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် အခုနှစ် ဇန်နဝါရီလလယ်အထိ သုံးနှစ်ဝန်းကျင်အတွင်း အတည်ပြုနိုင်တဲ့ မှတ် တမ်းတွေအရ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၄ဦးအပါအဝင် ပါတီဝင် စုစုပေါင်း နှစ်ထောင်နီးပါး ဖမ်း ဆီးခံခဲ့ရတယ်လို့ NLD ပါတီကထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးခံရသူတွေထဲက လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနဲ့ ပါတီဝင် တရာကျော်ကတော့ သတ်ဖြတ်ခံခဲ့ရတယ်လို့ NLD ပါတီက ဆိုထားပါတယ်။
 
“အခုတော်လှန်ရေးတောက်လျှောက်မှာတော့ အဖွဲ့ချုပ်(NLDပါတီ)နဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုတောက်လျှောက်ဖိနှိပ် ဆောင်ရွက်နေတာပေါ့၊ ဒီအခြေအနေတွေကို IIMM လိုနေရာမျိုးတွေကို ပါတီ CWC အလုပ်အမှုဆောင်တွေ ကနေတဆင့်တင်ပြဖို့ရှိတယ်၊ဒီမတရားမှုတွေကိုလက်မခံဘူး”လို့ ဧရာဝတီတိုင်း NLD ပါတီအလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိသူကဆိုပါတယ်။