မိဘတွေခေါင်းကိုက်ရတဲ့ကျောင်းဖွင့်ရာသီ

မေ ၊ ၈

လာမယ့်ဇွန်လ ၁ ရက်ဆိုရင် နိုင်ငံတဝှမ်းက ကျောင်းတွေအားလုံး စဖွင့်တော့မှာဖြစ်တာကြောင့် တနှစ်ထက်တနှစ် ကြီးမြင်လာတဲ့စာရေးကိရိယာနဲ့ ကျောင်းဝတ်စုံစျေးနှုန်းတွေဟာ ကျောင်းသားမိဘတွေအတွက် ခေါင်းကိုက်စရာပါ။

အာဏာသိမ်းပြီးတဲ့နောက်မှာတော့ နိုင်ငံတဝှမ်း စီးပွားရေး ကြပ်တည်းမှုတွေကြား ကုန်ပစ္စည်းတွေဟာ အလျင်အမြန် ဈေးနှုန်းမြင့်တက်လာသလို  အဲဒီမြင့်တက်လာတဲ့ ကုန်စည်တွေကြား စာရေးကိရိယာတွေလည်း အပါအဝင်ပါ။

မြန်မာနိုင်ငံဟာ အခမဲ့ပညာ ရေးလို့ဆိုပေမယ့် ပညာသင်ကြားရာမှာ အဓိက လိုအပ်တဲ့ ကျောင်းဝတ်စုံ၊ စာရေးကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းတွေကတော့  ကိုယ်တိုင်ဝယ်ယူနေရတာကြောင့် ဒီလိုကာလမှာ ဗူးလေးရာ ဖရုံဆင့်နေတာပါ။

ကလေးပညာသင်ကြားရာမှာ အခက်အခဲ တွေနဲ့ပတ်သက်လို့ အရှေ့ဒဂုံမြို့နယ်က ကလေးနှစ်ယောက်မိခင် ကျောင်းသားမိဘ တဦးက အခုလိုပြောထားပါတယ်။

“ ကျောင်းအပ်ဖို့လိုတဲ့ပစ္စည်းကျောင်းဝေယျာဝစ္စတွေ ဝယ်ဖို့ပစ္စည်းတွေရော ဘာရောက လုံးပန်းရှာနေရတာပေါ့နော် ။အဲ့အခက်အခဲတွေကို ဘယ်လိုပြောရမှန်းတောင်မသိဘူး တအားကို ကြပ်တည်းနေပါတယ်။ “

ဒီလိုသာ နိုင်ငံရဲ့အခြေအနေတွေကြား ဈေးတွေမြင့်တက်လာအုံးမယ်ဆိုရင် မြန်မာနိုင်ငံမှာ ပညာတက်တွေရှားပါးသွားနိုင်တယ်လို့ သူကဆက်ပြောထားပါသေးတယ်။

အာဏာမသိမ်းခင်က စာအုပ်အကောင်းစား တဒါဇင်ကို ကျပ်သုံးနီးပါးသာ ရှိပေမယ့် လက်ရှိမှာတော့  ၄,၆၀၀ ကျပ်ကနေ ၁၀,၈၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

ဒါ့အပြင် ခဲတံတချောင်း တရာ ကျပ်ကနေ လက်ရှိမှာတော့ သုံးရာကျပ်ကနေ ငါးရာ ကျပ်၊ ပေတံတချောင်းကို ခြောက်ရာ ကျပ်ကနေ ၁,၂၀၀ ကျပ်၊ဘောပင်တချောင်းကို သုံးရာကျပ်ကနေ သောင်းချီထိ ဈေးရှိနေကာ တခြားလွယ်အိတ် ၊ခဲဆံဗူး ၊ကွန်ပါဗူးတို့လည်းအသီးသီးဈေးမြင့်တက်နေပါတယ်။

အလားတူ ငါးနှစ်အရွယ်ကလေး မိန်းကလေး ကျောင်းအကျီ အဖြူတထည်ကို အနိမ့်ဆုံးဈေး ၈,၅၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ်၊ မူလတန်းဝတ် ဂါဝန်တထည် ကို ၂၂,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ်၊ သူငယ်တန်းယောက်ျားလေးဝတ် ကလေးအင်္ကျီအဖြူတထည် ၃,၀၀၀ ကနေ ၁၀,ဝဝဝကျပ်၊ အထက်တန်းဝတ် ရင်ဖုံးအကျီ အဖြူတထည် ၁၂,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ် ၊ကျောင်းစိမ်း ထဘီတထည် ၁၀,၀၀၀ ကျပ်ကနေ ၂၀,ဝဝဝကျပ်ရှိနေသလို အထက်တန်းဝတ် အမျိုးသား ကျောင်းဝတ်စုံ တစုံကို ၂၅,၀၀၀ ကနေ ၃၀,၀၀၀ ကျပ်ထိ ဈေးရှိနေပါတယ်။

ဒီလိုဈေးတွေမြင့်တက်နေတာကြောင့် ကျောင်းသားမိဘတွေဟာ ကျောင်းဖွင့်ရာသီရောက်မှာကိုတောင် ရင်မောနေရပြီလို့ ရန်ကုန်မြို့က  ကျောင်းသားမိဘ တဦးက ဆိုပါတယ်။

“ စီးပွားရေးကလည်း တအားကိုကြပ်နေတယ်။စားဝတ်နေရောရော  ကျောင်းအပ်ရာသီရောက်လာတော့ ကလေးတွေအတွက် လိုအပ်ချက်က ကအများကြီးပဲ မိဘတွေအတွက်မျက်ခုံးလှုပ် စရာ ပါ “

ကလေးတွေဟာ တနှစ်ထက် တနှစ်ထွားလာတာကြောင့်ကျောင်းဝတ်စုံတွေလည်း ဝယ်ပေးရတဲ့အတွက် ဒီလိုကာလကြီးအထဲငွေကို သာအသည်းအသန် ရှာဖွေနေရတယ်လို့ သူက ဆက်ပြောထားပါသေးတယ်။

ပဋိပက္ခနိုင်ငံရေးတွေကြား မိသားစု စားဝတ်နေရေး ကျပ်တည်းလာချိန်မှာ ကျောင်းစရိတ်ကြီးလာတဲ့အတွက် ကလေးများတဲ့ မိသားစုတွေမှာ အကုန်လုံးကို ကျောင်းမထားနိုင်တော့ပါဘူး။

တစ်ဦးကိုပဲကျောင်းထားပြီး ကျန်သူတွေကိုတော့ အိမ်မှာ ဒီအတိုင်းနေခိုင်းတာတွေ၊ အလုပ်လုပ်နိုင်တဲ့ အရွယ်ဆိုရင် လုပ်ငန်းခွင်ထဲ သွင်းလိုက်တာမျိုးတွေ ရှိလာပါတယ်။

ဒီအကြောင်းကို ရန်ကုန်၊ သာကေတမြို့နယ်ကကျောင်းသားမိဘ တဦး ပြောပြတာက “ ခဲတံဆိုလည်း တချောင်း ၊ကွန်ပါဘူးတောင်မရှိဘူး လေ လွယ်အိတ်အစုတ်တလုံးလေ ၊ဘေးလွယ်အိတ်ရှိရင်ရပြီလေ ။အဲ့လိုပဲသွားကြတာပေါ့ ။ဒါက ဆင်းရဲတဲ့သူတိုင်း ။ ဆင်းရဲတဲ့သူ မ‌ရွေးဘူးလေ ။ ဆင်းရဲတဲ့သူ အများစုက ဒီတိုင်းပဲ “

တော်လှန်ရေးသာမအောင်ပဲ ဒီတိုင်းသာ ဆက်သွားမယ်ဆိုရင် လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကလို မြန်မာနိုင်ငံရဲ့ ပညာရေး ငွေချမ်းသာသူတွေသာ စာသင်ကြားနိုင်မယ့်အခြေအနေငွေခင်းထားတဲ့လမ်းဖြစ်လာလိမ့်မယ်လို့သူက ဆက်ပြောထားပါသေးတယ်။