ရန်ကုန်ကမြို့နယ်တချို့မှာ မိုးသည်းထန်၊လေပြင်းတိုက်ကာ မိုးသီးတွေလည်းကြွေ 


Photo – social media

မေ၊ ၉

ရန်ကုန်မြို့တွင်းက မြိူ့နယ်တွေမှာ ဒီကနေ့ နေ့လယ်ပိုင်းက ရုတ်တရက် မိုးသည်းထန်၊လေပြင်းတိုက်ကာ မိုးသီးတွေပါ ကြွေကျနေပါတယ်။

” မိုးသီးကြွေတာက တော်တော်များပြီးအရှိန်လည်းပြင်းတယ်၊ သွပ်မိုးတွေပေါ်ကျနေတာဆို ဆူညံနေရော၊မိုးသီးတွေကအရွယ်အရမ်းမကြီးလို့တော်သေးတာ” လို့ အင်းစိန်မြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်။

ဒီအခြေအနေကြောင့် မြို့တွင်းမှာ သစ်ပင်ပြိုလဲမှုနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိနိုင်ပေမယ့် လတ်တလောမှာတော့ တိတိကျကျမသိနိုင်သေးပါဘူး။

တနာရီနီးပါးကြာမြင့်နေပြီဖြစ်တဲ့ မိုးသည်းထန်မှုနဲ့လေပြင်းတိုက်ခတ်မှုတွေအတွင်း မိုးသီးကြွေကျမှုတွေကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ ရန်ကုန်မြို့စွန် မြို့နယ်တွေမှာနေထိုင်သူတွေကပြောပါတယ်။

ဒါ့အပြင် သစ်ပင်ပြိုလဲတာ၊သစ်ကိုင်းကျိုးကျတာတွေလည်းရှိနေပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ချင်းပြည်နယ်တို့မှာ ဒီကနေ့ညနေအထိ နေရာစိပ်စိပ်၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊တနင်္သါရီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ ကျန်ဒေသတွေမှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာမယ်လို့ထုတ်ပြန်ထားပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့အနီးတဝိုက်တွေမှာလည်း နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်တယ်လို့အသိပေးထားတာပါ။

လတ်တလောရက်ပိုင်းတွေအတွင်း တိုင်းနဲ့ပြည်နယ် အများစုမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းနေတာကြောင့် အဲ့ဒီမိုးတိမ်တောင်တွေရွေ့လျားရာတလျောက် မိုးရွာတာ၊လေပြင်းတိုက်တာ၊မိုးကြိုးပစ်တာ၊လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေဖြစ်နိုင်တယ်လို့လည်းသတိပေးထားပါတယ်။