ထိုင်းရောက်မြန်မာတွေ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်အတွက် စစ်ကောင်စီနဲ့ ဆက်နွယ်မှုမလုပ်ဖို့  ထိုင်းအစိုးရကို တောင်းဆို 

Photo – Suraj Giri

ဒီဇင်ဘာ၊ ၁၉

ထိုင်းရောက်မြန်မာတွေအနေနဲ့တရားဝင်အထောက်အထားအဖြစ် ပန်းရောင်ကတ် တခုတည်းနဲ့သာ လွတ်လပ်စွာနေထိုင် အလုပ်လုပ်ကိုင်၊ခရီးသွားလာခွင့်ရနိုင်ရေး ထိုင်းအစိုးရနဲ့လွှတ်တော်တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ NUG အပါအဝင် ထိုင်းအခြေစိုက် မြန်မာရွေ့ပြောင်းအလုပ်သမားရေး အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောကြပါတယ်။

“ထိုင်းအစိုးရအနေနဲ့ မြန်မာရွေ့ပြောင်းတွေရဲ့ အခြေအနေကို ငဲ့ညှာပြီးတော့ ထိုင်းဘက်ကနေပဲ တဖက်သတ် အထောက်အထားကတ်ထုတ်ပေးဖို့ပေါ့နော်၊CI လုပ်ဖို့မလိုတာမျိုးပေါ့ ကျွန်တော်တို့ဘက်က ပန်ကြားစာ ပေးပို့ထားတာရှိပါတယ်။ ဒါကိုရလို့ရှိရင်တော့ CI လုပ်စရာမလိုဘူး ခရီးသွားလာခွင့်ရမယ်ပေါ့။ အခုထိတော့ ဒီပန်းရောင်ကတ်က ဒီလိုမျိုးရနိုင် မရနိုင်က မသိရသေးဘူး”လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက DNAကိုပြောပါတယ်။

ထိုင်းအစိုးရရဲ့ သတ်မှတ်ချက်တွေအရ အဲ့ဒီနိုင်ငံရောက် မြန်မာရွှေ့ပြောင်းတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်ကအထိ တရားဝင် နေထိုင်ခွင့်၊ခရီးသွားခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်တွေရဖို့ တရားဝင်အထောက်အထားအဖြစ် ပန်းရောင်ကတ်အပြင် CI လို့ခေါ်တဲ့ သက်သေခံလက်မှတ်ကိုလည်း တင်ပြရပါတယ်။

လက်မှတ်ကိုင်ဆောင်ထားသူကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ နှစ်နိုင်ငံဌာနဆိုင်ရာတွေ တိုက်ဆိုင်စစ်ဆေးပြီး CI ကတ်ပြားထုတ်ပေးတာဖြစ်ပါတယ်။ 

ဒါကြောင့် ရွေ့ပြောင်းအလုပ်သမားတွေဟာ ပန်းရောင်ကတ်လုပ်ပြီးရင် CI ကိုဆက်လုပ်ရလေ့ရှိပါတယ်။ CI ပြုလုပ်တဲ့အခါ မြန်မာလူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းရတာကြောင့် နိုင်ငံရေးနဲ့တိမ်းရှောင်လာတဲ့သူတွေအတွက် အဆင်မပြေ မလုံခြုံမှုတွေဖြစ်စေတယ်လို့ ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းကပြောပါတယ်။ 

ဒါကြောင့် ထိုင်းလွှတ်တော် အလုပ်သမားရေးရာကော်မတီ ဒုဥက္ကဌအပါအဝင် ကော်မတီတာဝန်ရှိသူတွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံရာမှာ ထိုင်းရောက်မြန်မာတွေကို CI မလိုဘဲ ပန်းရောင်ကတ်တခုတည်းနဲ့ နေထိုင်၊အလုပ်လုပ်ကိုင်၊သွားလာခွင့်ပေးဖို့ အကြုံပြုခဲ့တယ်လို့ အဲ့ဒီကော်မတီနဲ့ တွေ့ဆုံခဲ့တဲ့ Bright Future ကွန်ရက်က ဆူရတ်ဂီရိကDNAကို ရှင်းပြပါတယ်။ 

Bright Future ကွန်ရက်ဟာ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ သပိတ်အင်အားစုတွေ စုဖွဲ့ထားတဲ့ ကွန်ရက်တခုဖြစ်ပါတယ်။ 

“လူဟောင်းတွေကတော့ CI ရှိနေတုန်းပဲ၊ ဒီကနေ့သွားတာက လူအဟောင်းတွေကိုပါ ဒီအတိုင်းသွားဖို့အတွက် ကျွန်တော်တို့က တောင်းဆိုထားတာ။ အရင်တုန်းကတည်းက ဘတ်(ပန်းရောင်ကတ်)တခုတည်းနဲ့ပဲ တနိုင်ငံလုံးခရီးသွားလို့ရတယ် အလုပ်လုပ်လို့ရတယ် နေထိုင်လို့ရတယ်။ CI ကနောက်မှပေါ်လာတာ” လို့ ဆူရတ်ဂီရိကရှင်းပြပါတယ်။

Bright Future ကွန်ရက်ဟာ ထိုင်းလွှတ်တော်အလုပ်သမားရေးကော်မတီနဲ့ နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ရာမှာ  ထိုင်းနိုင်ငံကို အရင်ကတည်းက ရောက်နေတဲ့မြန်မာတွေအတွက်ရော၊အာဏာသိမ်းကာလအတွင်း ရောက်လာသူတွေကိုပါ တရားဝင် နေထိုင်၊အလုပ်လုပ်ကိုင်ခွင့်အတွက် စစ်ကောင်စီနဲ့ ပတ်သက်စရာမလိုတဲ့ လုပ်ငန်းစဉ်တွေ ဖော်ဆောင် ပေးဖို့အကြံပြုတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအမျိုးမျိုးကြောင့် ထိုင်းကို‌ရောက်ရှိလာကြသူတွေဟာ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်‌ရေး ဖြတ်သန်းဖို့ အခက်အခဲတွေရှိပါတယ်။ 

ဒါကြောင့် ပန်းရောင်ကတ်ကို ထိုင်းအစိုးရက ပြုလုပ်ပေးတာဖြစ်ပြီး CI ကို မြန်မာက ပြုလုပ်ပေးတာဖြစ်တဲ့အတွက် ဒါကို NUG ကိုပြုလုပ်ခွင့်ပေးတာဖြစ်ဖြစ်၊ CI လုပ်စရာ မလိုတော့တာဖြစ်ဖြစ် လုပ်ဆောင်ပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းနေကြတာပါ။

CI မရှိတော့ရင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဆုံးရှုံးရမှာက မြန်မာနိုင်ငံကို တရားဝင်ပြန်နိုင်ခွင့်တခုသာဖြစ်ပြီး ကျန်တာတွေက ထိုင်းအစိုးရနဲ့ သက်ဆိုင်တာတွေသာဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းအခြေစိုက် မြန်မာရွေ့ပြောင်းအလုပ်သမားရေး လှုပ်ရှားကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားကြသူတွေက စစ်ကောင်စီနဲ့ ဆက်သွယ်ဖို့အဆင်မပြေသူတွေအတွက် ထိုင်းအစိုးရအနေနဲ့ တစုံတရာ စီစဉ်ဆောင်ရွက်ပေးဖို့ အစဉ်တစိုက်တိုက်တွန်းတောင်းဆိုနေကြပါတယ်။

ဒါအပြင် အလုပ်လုပ်ကိုင်ခွင့် ကုန်ဆုံးတော့မယ့်သူတွေ သက်တမ်းတိုးဖို့ ကိစ္စမှာလည်း ကုန်ကျစရိတ်တွေ မြင့်မားလွန်းနေတာတာကြောင့် ဒါကိုလျော့ချပေးဖို့ တောင်းဆိုတာတွေ၊ ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွေ့ပြောင်းတွေ သန်းနဲ့ချီရှိနေတယ်လို့ ထိုင်းအစိုးရကိုယ်တိုင်က ခန့်မှန်းထားပါတယ်။