
ဒီဇင်ဘာ၊ ၂၀
အမ်းမြို့နယ်က နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် AA ကအပြီးသတ်သိမ်းပိုက်လိုက်ပြီး အမ်းမြို့နယ်တခုလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။
ဒါ့အပြင် နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းဦးစီးဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ AAနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DNAကိုပြောပါတယ်။
“အရင်ကတည်းပြောထားပါတယ်။ မကြာတော့ဘူးလို့၊ ဒီနေ့ကအကုန်ရပါပြီလို့တပ်တော်ကလည်းအတည်ပြုထားပြီ”လို့ ဒီကနေ့ ညနေပိုင်းမှာ သတင်းရင်းမြစ်ကဆိုပါတယ်။
AAက နပခရဲ့ အဓိကကာကင်းဗျူဟာစခန်းတွေနဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့လပိုင်းကတည်းက အဆင့်ဆင့်သိမ်းပိုက်ပြီး တမြို့နယ်လုံးနီးပါးကို ထိန်းချုပ်ထားတာပါ။ အဲဒီနောက် အမ်းမြို့နယ်က နောက်ဆုံးလက်ကျန် နပခ ဌါနချုပ်ကို ပိတ်ဆို့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
နပခ ကျဆုံးသွားလို့ စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်တခုကို လက်လွတ်ရတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်ဖွဲ့(MNDAA) ပြီးခဲ့တဲ့ သြဂုတ်လဆန်းက သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ လေးလကျော်အကြာမှာ တိုင်းစစ်ဌာနချုပ်တခုကို ထပ်မံလက်လွတ်ရတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် AAက ရခိုင်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် (စကခ) သုံးခုလုံးကိုလည်း သိမ်းပိုက်ထားတာပါ။
AAက လက်ရှိမှာ ရခိုင်ပြည်နယ်၁၇မြို့နယ်အနက် ၁၃မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ၄မြို့နယ်အနက် ကျောက်ဖြူနဲ့မာန်အောင်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး မြို့တော်စစ်တွေကိုလည်း မြို့ပေါ်လောက်သာထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်ကိုတော့ AAက ထိုးစစ်ဆင်နေပြီး နယ်မြေအများစုကို စိုးမိုးထားနိုင်တာပါ။
ဂွမြို့ရှိ စစ်ကောင်စီခမရ ၅၆၃ တပ်ရင်းကိုလည်း အာရက္ခတပ်တော်(AA)က ဒီကနေ့(ဒီဇင်ဘာ ၂၀ရက်) မှာအလုံးစုံသိမ်းသိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။