ဒီဇင်ဘာ၊ ၂၈
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းယူပြီးနောက် အမ်းဘက်ကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမ်း-ပဒါန်းလမ်းပိုင်းမှာ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သုံ့ပန်း ၁၇ဦးနဲ့ လက်နက် ၂၉လက် ရရှိတယ်လို့ CDF-Asho တပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
အမ်းတိုက်ပွဲကနေ အင်အား ကိုးဆယ်လောက်ရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ် သားတွေကို အမ်း-ပဒါန်းလမ်းမအနီး ပျဉ်းဝစစ်ဆေးရေးဂိတ်အနောက်ဘက်မှာ ပိတ်ဆို့တားဆီးခဲ့တာလို့ CDF-Asho က အသိပေးထားပါတယ်။
ပိတ်ဆို့ခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က အသာတကြည်လက်နက်အပ် အလင်းဝင်လာပေမယ့် တချို့က တော့ စစ်ကြောင်းပျက်ပြီး ခြေဦးတည့်ရာထွက်ပြေးတာကြောင့် လိုက်လံရှာဖွေရှင်းလင်းရာမှာ ဒီဇင်ဘာ ၂၅ရက် ကနေ မနေ့ကအထိ သုံးရက်အတွင်း သုံ့ပန်း ၁၇ဦးဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီသုံးရက်အတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဖမ်းမိသူတွေဆီက လက်နက်ခဲယမ်းနဲ့ စစ် အသုံးအဆောင်အများအပြားရတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွဖော်ပြပါတယ်။လက်နက်အပ်အလင်းဝင်သူ ဘယ်နှဦးရှိတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။
CDF-Asho ကထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ သိမ်းဆည်းရမိလက်နက် ရိုင်ဖယ်သေနတ် ၃၀ကျော်၊ ၆၀မမ စိန်ပြောင်းတလက်၊shotgun စတဲ့ လက်နက်တွေနဲ့ကျည်၊လက်ပစ်ဗုံး၊မိုင်း စတဲ့ ခဲယမ်းတွေ၊ စစ်အသုံးအ ဆောင်တွေ ပါဝင်တာတွေ့ရပါတယ်။
ကျန်ရှိနေတဲ့ ထွက်ပြေးလွတ်မြောက်နေသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက်ရှာဖွေနယ်မြေ ရှင်း လင်းနေတယ်လို့ CDF-Ashoကအသိပေးပါတယ်။စစ်ကောင်စီရဲ့ နပခ ဌာနချုပ်ကို အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၀ရက်မှာအပြီးသတ် သိမ်းပိုက်ခဲ့တာပါ။
အမ်း-ပဒါန်းလမ်းပိုင်းဟာ နပခ ဌာာနချုပ်ရှိရာ အမ်းမြို့နယ်ကနေ ရခိုင်ရိုးမကျော်ပြီး မကွေးတိုင်းထဲ ဝင်ရောက် နိုင်တဲ့ ထွက်ပေါက်လမ်းဖြစ်ပါတယ်။အမ်းမြို့နယ်ကို အာရက္ခတပ်တော်က စတင်ထိုးစစ်ဆင်ချိန်ကတည်း က ပြည်မဘက်က စစ်ကောင်စီတပ်ကူတွေ အမ်း-ပဒါန်းလမ်းကိုဖြတ်သန်းလာချိန်မှာ စောင့်ကြိုတိုက်ခိုက်ခံရတာ တွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလတွေတုန်းကလည်း အမ်းမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေပြင်းထန်နေချိန် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားလေးဦးကို မကွေး-ရခိုင်အစပ်တနေရာမှာ CDF Asho တပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။
အလားတူ CDF Asho တပ်ဖွဲ့လိုပဲ ရခိုင်-မကွေးအစပ်ဒေသတွေမှာ အခြေစိုက်လှုပ်ရှားကာ မဟာမိတ်ဖွဲ့ထားတဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊New Society Army (NSA)၊ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) မဟာမိတ် တပ်တွေကလည်း အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ ဗိုလ်ကြီးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးကို လက်နက်ခဲယမ်းတချို့နဲ့အတူဖမ်းမိခဲ့ပါသေးတယ်။