ဒီဇင်ဘာ ၊ ၂၈
နိုင်ငံတဝှမ်း စစ်ကောင်စီလက်လွှတ်ရတဲ့ ဒေသတွေတိုးလာတာနဲ့အတူ ရှမ်းမြောက်၊မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရခိုင် ပြည်နယ်တို့မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေထဲက စုစုပေါင်း ၂၃ ခုကို တော်လှန်ရေးတပ်တွေက ထိန်း ချုပ်ထားနိုင်တယ်လို့ သုတသနအဖွဲ့တခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)ရဲ့ အချက်အလက်တွေအရသိရပါတယ်။
တော်လှန်ရေးတပ်တွေလက်ရှိထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်းတွေထဲမှာ ရှမ်းမြောက်က စီမံကိန်းဆယ်ခုကျော် မန္တလေးတိုင်းအတွင်းက စီမံကိန်းနှစ်ခု ရခိုင်ပြည်နယ်ထဲက စီမံကိန်းလုပ်ငန်း ဆယ်ခု ပါဝင်ပါတယ်။
ISP မြန်မာရဲ့ လေ့လာချက်တွေအရ ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၂၃ခုရှိပြီး အဲ့ဒီအထဲက ထက်ဝက်လောက်ကို ရှမ်းမြောက်မြို့တွေ သိမ်းပိုက်ထားတဲ့ MNDAA နဲ့ TNLA တို့က ထိန်း ချုပ်ထားတာဖြစ်ပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ခုရှိတဲ့ ရခိုင်ပြည်နယ်မှာတော့ လက်ရှိ ပြည်နယ်တခုလုံးနီးပါးအထိ တိုက်ခိုက် သိမ်းယူထားတဲ့ အာရက္ခတပ်တော် AAက တရုတ်စီမံကိန်းဆယ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

ရှမ်းမြောက်က စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ တရုတ်စီမံကိန်းတွေထဲမှာ မြေပြင်မှာလက်တွေ့အကောင် အ ထည်မဖော်ရသေးတဲ့ စီမံကိန်းလျာထားချက် ငါးခုလည်းပါဝင်ပြီး နောင်ဖဆည်၊ချင်းရွှေဟော်နယ်စပ် စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ကွမ်းလုံဆည်၊မူဆယ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ဂုတ်ထိပ်တံတားနဲ့လမ်းသစ် စီမံကိန်းတွေပါဝင်ပါတယ်။
ဒီစီမံကိန်းတွေကို လက်ရှိ ကိုးကန့်တပ် MNDAAနဲ့ တအာင်းတပ်TNLAထိန်းချုပ်ရာဒေသတွေမှာ အကောင်အထည် ဖော်ဆောင်ရွက်ဖို့စီစဉ်ထားခဲ့တာဖြစ်ပြီး အဲ့ဒီအထဲက နောင်ဖဆည်စီမံကိန်းရဲ့ တန်ဖိုးကို မသိရပေမဲ့ ကျန်တဲ့စီမံ ကိန်းလေးခုကတော့ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၀၀ကျော်လောက်အထိ ရှိနိုင်တယ်လို့ ISP မြန်မာကဖော်ပြ ပါတယ်။
မြေပြင်မှာ အကောင်အထည်ဖော်ပြီးနောက်မှ ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ထိန်းချုပ်နိုင်သွားတဲ့ ဒေသတွေထဲပါဝင်သွားတဲ့ စီမံကိန်းတွေထဲမှာတော့ ကန်ဒေါ်သာ သန်း၂၀နီးပါးတန်ကြေးရှိတဲ့ ကွမ်းလုံ တံတားသစ်၊ လန်ချန်းမဲခေါင် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့စင်တာလို တံတား၊အဆောက်အအုံစီမံကိန်းတွေ ပါဝင်ပါတယ်။
ဒီစီမံကိန်းနှစ်ခုလုံးဟာ ကိုးကန့်တပ် MNDAA တပ်က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက သိမ်းပိုက်ထိန်း ချုပ်နိုင်ခဲ့တဲ့ ကွမ်းလုံနဲ့ ချင်းရွှေဟော်ဒေသတွေမှာတည်ရှိတာပါ။တအာင်းတပ် TNLA ရဲ့ မြို့သိမ်းစစ်ဆင်ရေးတွေ ထဲ တပါတည်းထိန်းချုပ်ခံလိုက်ရတဲ့ အကောင်အထည်ဖော်ပြီးသားတရုတ်စီမံကိန်းတွေကတော့ နောင်ချိုမြို့နယ် အတွင်းက Crown ဘိလပ်မြေစက်ရုံနဲ့ ဆင်းရွှေလီ သကြားစက်ရုံ သုံးရုံဖြစ်ပါတယ်။
မန္တလေးနဲ့ စစ်ကိုင်းတိုင်း အတွင်းတို့က တရုတ်ရင်းနှီးမြှုပ်နှံမှုနှစ်ခုဖြစ်တဲ့ တကောင်းနီကယ်စက်ရုံနဲ့ Alpha ဘိ လပ် မြေစက်ရုံတွေကိုတော့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထိန်း ချုပ် ထား တာပါ။ထီးချိုင့်မြို့နယ်အတွင်းစက်ရုံတည်ထားပြီး သပိတ်ကျင်းမြို့နယ်အတွင်းမှာ သတ္တုတူးဖော်မှုလုပ်ကိုင်တဲ့ တကောင်းနီကယ်စက်ရုံဟာ အမေရိကန်ဒေါ်လာ သန်းကိုးရာနီးပါးတန်ကြေးရှိပါတယ်။

စုစုပေါင်းမြို့နယ် ၁၇ရှိတဲ့ထဲက ၁၄မြို့နယ်ကို အာရက္ခတပ်တော် AAက အပြီးသတ်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ ရခိုင်ပြည်နယ်မှာတော့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ရေနံပိုက်လိုင်းတွေအပါအဝင် စစ်ကောင်စီလက်လွှတ်လိုက် ရတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ဆယ်ခုအထိရှိနေပါတယ်။
အာရက္ခတပ်တော် AA က လက်ရှိ ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်းတွေထဲမှာ မြေပြင်လက်တွေ့ အကောင် အ ထည်မဖော်ရသေးတဲ့ သံတွဲနဲ့အမ်းက လေအားလျှပ်စစ်စီမံကိန်းတွေ၊ ကျောက်ဖြူ-အမ်း၊မန္တလေး-ကျောက်ဖြူ၊ ကျောက်ဖြူ-နေပြည်တော်စတဲ့ ရထားလမ်း၊ကားလမ်းစီမံကိန်းတွေ ပါဝင်ပြီး အဲ့ဒီအထဲက တချို့ကိုတော့ တစိတ် တပိုင်းထိန်းချုပ်မှုရရှိထားတာပါ။
ဒါ့အပြင် ရခိုင်ပြည်နယ်က တရုတ်ရဲ့အဓိကရင်းနှီးမြှုပ်နှံမှုုစီမံကိန်းတခုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အ ထူးစီးပွားရေးဇုန်၊တရုတ်မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို AA က တစိတ်တပိုင်းထိန်းချုပ်ထားတယ်လို့ ISP မြန်မာကဖော်ပြပါတယ်။
ချင်းနဲ့ရခိုင်အစပ် ပလက်ဝဒေသနဲ့ နပခ တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်တခုလုံး နီးပါးကို တိုက်ခိုက်သိမ်းယူထားနိုင်တဲ့ အာရက္ခတပ်တော် AA ဟာ လက်ရှိမှာ ဂွမြို့နယ်ကို အပြီးသတ်သိမ်းယူ နိုင်ဖို့နီးစပ်နေသလို ပြည်နယ်မြို့တော်စစ်တွေမြို့ကိုလည်း ထိုးစစ်စတင်ပြီလို့သတင်းတွေထွက်နေပါတယ်။
တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း တသောင်းနီးပါးအထိ ရင်းနှီးမြှုပ်နှံဖို့လျာထားတဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းရှိရာ ကျောက်ဖြူမြို့နဲ့ သီခြားကျွန်းမြို့ဖြစ်တဲ့ မာန်အောင်မြို့တွေကိုတော့ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်တာမရှိသေးပါဘူး။