ဒုချုပ်စိုးဝင်း ပုသိမ်ရောက်နေချိန် ရခိုင်ကိုပို့မယ့် စစ်သားအချို့ ထွက်ပြေး

Photo Credit – စစ်ကောင်စီ

ဒီဇင်ဘာ ၊ ၂၈

ဧရာဝတီတိုင်းမြို့တော် ပုသိမ်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိပြီး စစ်သားတွေကို စိတ်ဓါတ်မြှင့်တင် ပေးနေရချိန်မှာ ဂွမြို့ဘက်ကမ်းကိုပို့မယ့် စစ်သားအချို့ဟာ မကျေးဇင်ရွာကနေ ထွက်ပြေးကြတွေ ရှိနေတယ်လို့ သိရပါတယ်။

DNA က ဒေသခံတဦးကို ဆက်သွယ်မေးမြန်းရာမှာ “ မနေ့ကနေ ဒီနေ့ နေ့လည်အထိဆို မနည်းဘူး ၊ ရွာထဲမှာ ပြောနေကြတာ ၆၀ လောက်တောင် ရှိပြီကြားတယ် ၊ သေနတ်တွေပါယူပြီး ပုသိမ်ဘက် ပြေးသူပြေး ၊ တောထဲ ရိုးပေါ်တက်ပြေးသူ ပြေးနဲ့ ကြုံရာပြေးကြတာ”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ထဲက ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ ဧရာဝတီတိုင်း ပုသိမ်ကနေတဆင့် ချောင်းသာ ၊ မကျေးဇင်ရွာ ဘက်ကနေတဆင့် ဂွမြို့ တဖက်ကမ်း မကျေးငူရွာကို အင်အားတွေ ပို့ပေးနေတာ ဖြစ်ပါတယ်။

အဲဒီလိုပို့တဲ့ စစ်ကြောင်းမှာပါတဲ့ စစ်သားတချို့ဟာ မကျေးဇင်ရွာ အရောက်မှာ ထွက်ပြေးကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲ မြို့ကြီး ၁၄ မြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးချိန်မှာ စစ်မီးဟာ ဧရာဝတီတိုင်းနဲ့ အနီးဆုံး ဂွမြို့ကိုရောက်လာပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်နေတဲ့ ကျေးရွာအချို့ စတင် စစ်ရှောင်နေကြရပြီ ဖြစ်ပါတယ်။

အမ်းမြို့မှာ ရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက် သိမ်းပြီးချိန် အထိ စစ်တပ်ဘက်က ဗိုလ်မှူးချုပ် (၄)ဦးအပါအဝင် အင်အားတော်တော်များများကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရခိုင်စစ်မျက်နှာကို ပို့မယ့် စစ်သားအင်အား တော်တော်များများ ထွက်ပြေးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာ ရှိတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ နီးစပ်သူတဦးက အခုလို စစ်ကောင်စီဘက်က လက်နက်ချတာတွေ ၊ ထွက်ပြေးတာတွေက ပိုများလာနိုင်တယ်လို့ DNA ကို မှတ်ချက်ပေးပါတယ်။ “ခုနောက်ပိုင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲထားတဲ့ လူသစ်တွေကို လူဟောင်းတွေနဲ့ မျှပြီး စစ်မျက်နှာတွေမှာ ခွဲသုံးနေတာကို တွေ့ရတယ်။ ရခိုင်စစ်မျက်နှာဆိုတာနဲ့ တပ်မမှူး အဆင့် ဒုတိုင်းမှူး အဆင့်တွေတောင် အရှင်အဖမ်းခံနေကြရတာဆိုတော့ အောက်ခြေမှာလည်း အခြေအနေတွေက သိနေကြမှာပါ”လို့ ဆိုပါတယ်။

အခုလို ဒုချုပ်ကိုယ်တိုင် ပုသိမ်အထိလာပြီး စိတ်ဓါတ်မြှင့်တင်ပေးနေပေမယ့် စစ်မြေပြင်ရောက်ရင် အခွင့်အရေး ရတာနဲ့ ထွက်ပြေးတာ ၊ လက်နက်ချတွေ ပိုများလာမယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့ကို ရောက်ရှိလာခဲ့ပြီး နယ်မြေခံသင်တန်းကျောင်းမှာရှိတဲ့ စစ်မှုထမ်း သင်တန်းသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ် ။